Friday, January 29, 2010

ကမ်း အလွန်....

Bye Myspace Comments

မင်း နဲ့ ငါ....

ကန့်လန့်ကာ ပါးပါးလေး တဘက်စီခြား
လွှင့်ပစ်ခဲ့ နှလုံးသား....
အသိစိတ် တားမြစ် ထားရစ်ခဲ့ရ
လွှတ်အချ.....။

သမုဒယ နှောင်ထုံးရဲ့ ဟိုး...တဘက်
သဒ္ဒါလွန် ကွန်ရက် ဖြန့် ယှက် တောင်ပံ
ဥပ္ပါဒါန် အဆုံးစွန်....
အမှောင် ကျွံ ခဲ့ မှ ဖြင့်.....။


တနေ့ မဝါ (WWKM) ဆီမှာ အိမ်ထောင်ရေး ပြဿနာလေး တခု တင်ထားတာ ဖတ်ခဲ့ရပါ တယ်။ အမျိုးသား ချက်တင်လုပ်ရင်း မိန်းကလေး တယောက်နဲ့ ငြိတာကို သိသွားတဲ့ အမျိုးသမီးလေးက မဝါဆီ ရင်ဖွင့် အကူအညီ တောင်းတဲ့ အကြောင်းလေး ရေးထားခဲ့တာပါ... ကျမလဲ ဘာမှ အကြံ မပေးနိုင်ခဲ့ပဲ စိတ်မသက်သာစွာနဲ့ ဖတ်ပြီး ပြန်လာခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့လေ...ကျမရင်ထဲ ငြိလာခဲ့တော့ ဖွင့်ထုတ်ဖို့ ကြိုးစားရင်း ဒီကဗျာလေးကို ချရေးမိခဲ့ပါတယ်။

အားလုံးပဲ ကမ်းမလွန်ခင် လှည့်ပြန် နိုင်ခဲ့ကြပါစေရှင်......



Image Source : myniceprofile.com

Wednesday, January 27, 2010

ကြောင် ကျမ....

ဒီလို ခေါင်းစဉ် တပ်လိုက်လို့ ကြောင်ချစ်သူများရဲ့ အိမ်မွေးကြောင်လို့ မထင်လိုက်ကြပါနဲ့။ ကြောင်တော့ ကြောင်ပါပဲ...ဒါပေမဲ့ တိရိစ္ဆာန် ကြောင် မဟုတ်ပါဘူး။ ကျမက လူကြောင်...။

ရွာပြန်တိုင်း အမျိုးသားရဲ့ သူငယ်ချင်းတွေက ချစ်စနိုး ခေါ်လေ့ရှိကြတယ်။ ကြောင်မ တဲ့....။ သူတို့က ကျမတို့ လင်မယား ရန်ဖြစ် စိတ်ဆိုးကြအောင် ဝိုင်းပြီး အချွန်နဲ့ မ လေ့ရှိတယ်။ တမင်သက်သက် အပျော် စကြ၊ နောက်ကြတာပါ။ ကျမက စိတ်ကောက် စိတ်ဆိုးချင်ယောင် ဆောင်လည်း ခဏပဲ။ ပွဲကြီးပွဲကောင်း ကြည့်ရတော့မလားလို့ ဝိုင်းချွန်ကြပေမဲ့ သူတို့ထင်သလို ဖြစ်မလာတော့ ညစ်ညစ်ရှိတာနဲ့ ကျမကို ညည်းက ကြောင်မတဲ့။ ယောင်္ကျားက ခေါင်းလေး သပ် ကြောလေးသပ် ပေးလိုက်တာနဲ့ ချက်ချင်း စိတ်ပြေပြီး ခြေသလုံးနား ပွတ်သီးပွတ်သပ် လုပ်တတ်တဲ့ ကြောင်မ တဲ့လေ...။ ကျမဖြင့် သဘောကျစွာ ပြုံးမိခဲ့ရတယ်။

နောက်တော့ အမျိုးသား ကိုယ်တိုင်က ပေးတဲ့နာမည်...။

ကျမ ကိုရီးယား ဒရာမာကားတွေ အကြီးအကျယ် စွဲဖူးတယ်။ တကားကြည့်လို့မှ မပြီးသေးဘူး နောက်တကား ပြောင်းကြည့် တတ်သေးတယ်။ ဒီတော့ ကျမမှာ စာအုပ်တအုပ်နဲ့ ဒီကားက ဒီအပိုင်းထိ၊ ဟိုကားက ဟိုအပိုင်းထိ ရယ်လို့ ကြည့်ပြီးသမျှ ရက်စွဲထိုးမှတ်လို့ ၊ အဲသလိုကို စံနစ်တကျ ကိုရီးယား ဘိန်းစွဲခဲ့တာ။ ခုတော့လည်း ကြိုက်လှပါတယ်ဆိုတဲ့ ကိုရီးယား မင်းသားတောင် နားထား... ဝေးဝေးမှာ...။

ပြီးတော့ အားကစားဖိနပ် လိုချင်လှချည်ရဲ့ဆိုလို့ ၊ ချစ်ပ်လေးတခုထည့် နာရီလေးနဲ့ ဝမ်းဆက် ပတ်ပြီး ပြေးရင် နှလုံးခုန်နှုန်းတို့ ၊ ပြေးပြီးတဲ့ အကွာ အဝေး တို့ပါ တွက်ပေးတာမျိုးလေး၊ ပြီးတော့ ၁လ၊ ၂လ ပဲ...။ နေပူလို့ မိုးရွာလို့၊ ခေါင်းကိုက်၊ ဗိုက်နာလို့နဲ့ အကြောင်းမျိုးစုံပြပြီး မပြေးတော့ပြန်ဘူး၊ ဖိနပ်ကြီးတောင် စတိုခန်းထဲ သွားပစ်ထားလိုက်သေး။

သူက သိတယ်...ကြောင် ကြာကြာ ရေမငုတ်ဘူးတဲ့...ပြောလာရော...။

နောက်တခါကျပြန်တော့ မျက်နှာစာအုပ်က ဂိမ်းတွေ ကစားတာ။ အကောင်လေး မွေးတယ်၊ ခြံစိုက်တယ်၊ ကာဖီဆိုင် ဖွင့်တယ်၊ ငါးမွေးတယ်...အို...လက်လှမ်းမီတာ အကုန်ဆော့တယ်။ ကလေးလည်း မဟုတ်ပဲနဲ့လို့ မပြောနဲ့။ ကျမနဲ့ အတူဆော့ကြတဲ့ အိမ်နီးချင်းတွေက အကုန်လိုလို ကျမထက် အကြီးတွေ နဲ့ ရွယ်တူတွေ...။ ကျမ တကယ့်ကို အသည်းအသန် စွဲစွဲလန်းလန်း ဆော့ခဲ့တာ။ ခုတော့လည်း အေးဆေးပဲ။

အကောင်ကလေးဖြင့် အရပ်က ထိန်းလို့ ကြီးပျင်းနေရပြီ။ အရပ်ကပဲ အစာကျွေး ရေချိုးပေးနဲ့ ။ ခြံထဲက အပင်တွေလည်း ကျီးထိုးထိုး၊ ခွေးစားစား ပစ်ထား လိုက်တတ်ပြီ။ ကာဖီဆိုင် လာစားနေကျ ဖောက်သည်တွေလည်း စားစရာ ချက်ပြီးသားမရှိလို့ လှည့်ပြန် ကုန်ကြ ရော့မယ်။ ငါးတွေဆိုလည်း သေကုန်လို့ ရေပေါ် ပေါလောမျော နေလောက်ပြီ။ ပြတ်တာမှ တုံးကနဲ နေအောင် လှည့်မကြည့်တော့ ပြန်ဘူး။

ဒီတော့ သူက ပြောပြန်တယ်...ကြောင်တော့ ရေပေါ် ပေါ်လာပြန်ပြီ...တဲ့...။

ခုလည်းပဲ ကျမ ဘလော့ဂ် ရေးနေပြန်ပါပြီ...။ နေ့တိုင်း ပို့စ်အသစ် တင်ချင်ရလောက်အောင် တခုတ်တရ ဘလော့ဂ်ဘိန်းစား အဖြစ် ကျေနပ်နေမိ ပြန်ပါတယ်။

တခါတခါ ကျမ ဘလော့ဂ် ရေးနေတဲ့အခါ...." ကျွန်ုပ်တို့၏ ကြောင်မ ရေငုတ် နေပါသည် ၊ ဘယ်တော့ ပေါ်လာမည် မသိသေး ၊ စောင့်၍တော့ ကြည့်ရပါအုံးမည် " လို့ သင်ပုန်းကြီး ဖတ်စာ ဆိုသံ နဲ့ မလှမ်းမကမ်းကနေ မကြား ကြားအောင် လာ စ နေတတ်ပြန်တယ်။

ကျမကလည်း ကျမပဲလေ...။ ဘာလုပ်လုပ် ဆုံးအောင် မလုပ်တတ်တဲ့သူ၊ စိတ်ဝင်စားမှု အပြောင်းအလဲ မြန်ဆန်သူ ဆိုတော့ အရာရာ ခေါင်းစဉ်လေးတွေချည်း လိုက်တပ်နေ သလိုပါပဲ...။

တနေ့ကပဲ ကျမ ဘလော့ဂ် ဆက်ရေးသင့် မသင့် ဘလော့ဂ်နီးချင်းတွေ မဲပေး ဆုံးဖြတ် ခိုင်းခဲ့တယ်။

အို.....ခု လောလောဆယ်တော့ ကျမ ကိုယ်တိုင်က ဘလော့ဂ်စွဲနေတော့ကာ သူတို့ အမှား ခြစ်လည်း ကျမက အကုန်လုံး အမှန်တွေချည်း ခြစ်ထားတဲ့ ကိုယ့်မဲတွေ ကိုယ့်ပုံးထဲ ကိုယ်တိုင်ထည့်လို့ ကိုယ့်ဘာသာ ရေတွက်တော့ ၁၀၀ ရာနှုန်း ဆက်ရေးရမည်ပဲ အဖြေ ထွက်သပေါ့။ ကန့်ကွက်မဲ့သူများ ရှိပါသေးလား ခင်ဗျာ...၊ မရှိပါဘူး ခင်ဗျား...ပေါ့လေ...။ တယောက်ထဲ စိတ်ကူးထဲမှာ ဖဲရိုက်တော့ ကိုယ့်တအိမ်ပဲ ဂျိုကာ တက်သလိုပေါ့ရှင်....။

ဟုတ်ကဲ့ ကျမ ကြောင်မ ဘလော့ဂ်ကမ္ဘာမှာ ရေဆက် ငုတ်နေပါအုံးမယ် ....။

ဘလော့ဂ်ရေးခြင်း ဖတ်ခြင်းများဖြင့် ဘဝ အမောတွေ ပြေနိုင်ကြပါစေရှင်....

Tuesday, January 26, 2010

Sentosa ကာဆီနို နဲ့ ဟိုတယ် များ


Hard Rock Hotel ....


မဆီမဆိုင် ကိုEagles တို့ရဲ့ ဟိုတယ် ကယ်လီဖိုးနီးယားကို လွမ်းမိသေး....


ချစ်စရာ နားနေခန်းကလေး...


Festive ဟိုတယ် လော်ဘီရှေ့


အမျိုးသမီး အများစု ချစ်တဲ့ Coach..ဆိုင်ပိတ်ထားတုန်းမို့ ဝယ်ခဲ့ရဘူး....ခိခိ


အင်မတန် နာမည်လဲကြီး၊ ဈေးလဲကြီးတဲ့ ဆိုင်တွေ လမ်းတလျှောက်မှာ...


ခရစ်စတယ် နဲ့ လုပ်ထားတဲ့ ပစ္စည်းလေးတွေပေါ့ အနုစိတ် လှသလို ဈေးကလဲကြီးပါ့...


Victoria's Secret ...ဖက်ရှင်ဘုရင်မတိုင်း သိကြပါလိမ့်မယ်၊ Lingerie လေးတွေ ချစ်စရာ သို့သော်...ကိုယ်နဲ့တော့ လားလားမျှ မဆိုင်...


ကြည့်စမ်း...သူများပုံကို...သူများပုံ လို့ ပြောပါတယ်...:)) မချစ်ကြည် တို့နဲ့တော့ နင်လား နင်လား ပါပဲ (ငါလား ကို ဖြစ်နိုင်ဖွယ် မရှိတော့တာ...ခိခိ)


အားပေးလိုက်ချင် ပါသော်လည်း ဆိုင်တွေက မဖွင့်သေး...:))


လမ်းတလျှောက် မီးဆိုင်းကြီးတွေကလည်း လှမှလှ...အိမ်ကမီးဆိုင်းကြီးတွေ ဟောင်းလို့ ပြောင်းတပ်ခါနီးမှ တခေါက်လာခဲ့အုံးမယ် လှေခါး ယူခဲ့ရအုံးမယ်လေ...


ဟေး....!!! ကာဆီနို ရှေ့ ရောက် ပြီ...ဝေး...


ကဲ ကဲ...ကစားဝိုင်း သွားမည့်သူများ ငွေထုပ်ပြင်...အဲလေ...ရွာ နဲ့ မှားသွားလို့....ခရက်ဒစ်ကပ် နဲ့ လက်ခံပါတယ်တဲ့...ချက်တော့ ပါခဲ့သား...ပါဆို သွားလေရာ ယူခဲ့သကိုး.....


အဟမ်း ဟမ်း...ဂိုက်ကိုက မိုက်ဂိုက်...ဘလူလဲလို့ မေးနဲ့...ပြောဝူး...


ဆင်ရုပ်ကြီး ချစ်စရာ...အိမ်ကလူကြီး သတိရတာနဲ့ ရိုက်ခဲ့တယ် သူက ဗုဒ္ဓဟီးသား....


ဒါက ကာဆီနိုကို စက်လှေကားနဲ့ အဆင်း...


အဲဒီမှာ ရေလှိုင်းသံလေး နဲ့ ငါးကလေးတွေက ခေါင်းပေါ်က သက်တံခုံးပေါ် ပြေးဆော့လို့...ငါးသံလေးတွေတောင် ပကျိ ပကျိ နဲ့ ထည့်ထားသေး...


ကာဆီနိုက ဟိုးရှေ့မှာ....တွေ့လား မြင်နေရပြီ...


ကာဆီနိုရှေ့ တည့်တည့်ရောက်ပြီ...ကျောပိုးအိတ်ကြီးကလဲ လေးပါ့ ငွေထုပ်ကြီးနဲ့ လာခဲ့တာကိုး...ဟမ်...!!!! ဪ....ကျပ်ငွေနဲ့ မရဘူး တဲ့....:(


ကာဆီနိုရှေ့ မုဒ်ဦးကြီးပေါ့...ပုဂံပြားပျံကြီးအောက် ရောက်သွားသလို ဘာလိုလို...


ကာဆီနိုရှေ့ တည့်တည့် က ဗျူး....


ကာဆီနိုရှေ့ ဝင်ဖို့ လက်မှတ် ဒီမှာဝယ်နော်...


သူတို့ နှစ်ယောက်က ဒီမှာကိုး....


စလုံးက ပူတယ်လေ....ကျောပူလည်း ခံနိုင်ဘူး....


ပြန်ပြီ...ကာဆီနိုကြီးရေ... စန်တိုစာထဲမှာ သူ့ကိုထားရစ်ခဲ့...


ပြောပြပါရစေ.....

ခုရက်ပိုင်း ဘယ်လိုမှ မအားတာပါ ...ကျောင်းတုန်းက သူငယ်ချင်းမ တယောက် ဒီကို အလည်ရောက်နေလို့ ဟိုပို့ ဒီပို့ နဲ့ မို့ပါ။ ပြီးခဲ့တဲ့ ပို့စ်တောင် ရေးပြီးသားရှိနေလို့ Schedule နဲ့ တင်ထားခဲ့တာပါ။ သူငယ်ချင်းက လကုန်ပြန်မှာ။ ဒီကြားထဲမှာ ရေးပြီးသားကို Scheduled လုပ်ပြီးပဲ တင်ပေးပါမယ်။ အခုတော့ ဆန်းဒေးတုန်းက ပုံတချို့ တင်ပေးလိုက်ပါတယ်။ ညစာစားတဲ့ ပုံတွေကတော့ ကျမ ကင်မရာ သူငယ်ချင်းကားပေါ် ကျန်နေခဲ့တာမို့ မရိုက်လိုက်ရပါဘူး။ အဲဒီနေ့က ကျမတို့ သူငယ်ချင်းမ ၄ ယောက်ပြန်ဆုံခဲ့ကြတာမို့ တကယ် ပျော်ခဲ့ရပါတယ်။ အိမ်မလည်နိုင်တာ ခွင့်လွှတ်ကြပါအုံးနော်...

အားလုံးကို ချစ်ခင်တဲ့
ချစ်ကြည်အေး

Sunday, January 24, 2010

ခေါင်းလောင်း တီးပါ...


ကျုပ် ဒီရုံးမှာ လုပ်လာတာ လုပ်သက် အနှစ် ၂၀ ကျော် ကြာခဲ့ပြီ။ ကျုပ်တို့ ဌာနရဲ့ အကြီးအကဲ အထက်လူကြီး ပေါ့ဗျာ...၃ယောက် တိတိ အပြောင်းအလဲ နဲ့ လည်း ကြုံခဲ့ပြီးပြီ။ ကျုပ် ဒီအလုပ် ရကာစတုန်းကများ အိမ်မှာလည်း ရုံးအကြောင်း၊လမ်းထိပ် ဆိုက် ကားဂိတ်မှာလည်း ရုံးအ ကြောင်း၊ မနက် မနက် လာတဲ့ ပဲပြုတ်သည်က အစ၊ ညဖက် လည်ရောင်းတဲ့ သကြားမုန့်ဖက် ထုတ်သည် အဆုံး ကြုံရင် ကြုံသလို၊ မကြုံလည်း ကြုံအောင် စကားစပ်လို့ ကျုပ် ရုံးအကြောင်း ပြောနေရတာကိုက အရသာဗျ။

ကျုပ်လို ၁၀တန်းကို ခ နဲ့ အောင်ထားတဲ့ လူက ဒီလို ဝန်ဆောင်မှု လုပ်ငန်းကြီးတွေ လုပ်တဲ့ ရုံးမှာ အလုပ်ရခဲ့တာ နည်းမှတ်လို့။ ကျုပ်အလုပ်က ရုံးလာသမျှ ဧည့်သည်တွေရဲ့ အဝင်အ ထွက် စာရင်းကို ရီဂျစ်စတာ လုပ်ရတာဗျ။ စာအုပ် အရှည်ကြီးထဲမှာ လူတွေရဲ့ နာမည်၊ မှတ်ပုံ တင် နံပါတ်၊ ဆက်သွယ်ရန် လိပ်စာ၊ ရောက်ရှိချိန် အဲဒါတွေ ရေးသွင်းပြီး သူတို့ရဲ့ မှတ်ပုံတင် နဲ့ ဧည့်သည် ရင်ထိုး တံဆိတ် လဲလှယ်ပေးရတယ်။ သူတို့ အပြန်ကျမှ ထွက်ခွာချိန် ရေးသွင်း၊ ဧည့်သည် ရင်ထိုး ပြန်သိမ်းပြီး သူတို့ မှတ်ပုံတင်ပြန်ပေး ဒါပဲဗျ။ အံမယ် ဒါလေးများလို့ အထင် မစောနဲ့ အုံးဗျ။ တခါတခါ လုံခြုံရေး အတွက် ဧည့်သည်ကို လူကဲခတ် တတ်ရသေးတယ်ဗျ။

အခု ရောက်လာတဲ့ အထက်လူကြီး(ကျုပ်ဆရာ) က သိတ်တော်ပြီး သိတ်ထက်မြက်တယ်။ ခု ကျုပ်က အရင်လို စာအုပ်အရှည်ကြီး နဲ့ မဟုတ်တော့ဘူးဗျ။ ကွန်ပျူတာနဲ့ ဘာနဲ့ ဖြစ်နေပြီ။ ရုံးက ပေးတဲ့ အခြေခံ ကွန်ပျူတာ သင်တန်းလည်း ဆင်းပြီးသား။

ပြီးခဲ့တဲ့ တပတ်လောက်ကမှ ကျုပ်ဆရာ နိုင်ငံခြားက ပြန်လာတော့ သူ ခေါင်းလောင်း တလုံး ဝယ်လာသဗျ။ အဝ အကျယ် ၆ လက်မ လောက်ရှိတဲ့ ရွှေရောင် ခေါင်းလောင်းလေး။ အဲဒီခေါင်းလောင်းက ကျုပ်တို့ မြင်ဖူးနေကျ ထိုးတံနဲ့ ထိုးရတာမျိုး မဟုတ်ဘူး။ သူ့အထဲမှာ ပါတဲ့ ကြိုးတန်းလန်းလေးကို ခေါင်းလောင်းနှုတ်ခမ်းနဲ့ ထိအောင် ဘယ်ညာ လှုပ်ဆွဲပြီး တီး ရတာမျိုး။ ကျုပ်ဆရာက ခေါင်းလောင်းကို ကျုပ်စားပွဲနဲ့ မလှမ်းမကမ်း တံခါးပေါက်ဝ နံရံမှာ တပ်ခိုင်းတယ်။ ပြီးတော့ စာတမ်းလေး ကပ်လိုက်သေးတယ်။

" မိတ်ဆွေ ဝန်ဆောင်မှု အတွက် စိတ်ကျေနပ်သည် ဆိုလျင် ခေါင်းလောင်းတီးခြင်း ဖြင့် ချီးမြှင့်ပါ " တဲ့...။

ကောင်းလိုက်တဲ့ အိုင်ဒီယာဗျာ...ကျုပ်မပြောလား ကျုပ်ဆရာ တော်ပါတယ် လို့။ အဲဒီနေ့ကဖြင့် ကျုပ်တို့ ရုံးသားတွေ အစမ်း တီးကြည့်နေတာနဲ့တင် ခေါင်းလောင်းလည်း မနားရဘူး။

********************************
ခေါင်းလောင်း တပ်ပြီးကတည်းက ကျုပ်မလည်း အလုပ်တခု ပိုလာတာက ခေါင်းလောင်းတီး သွားသူတိုင်းကို လှမ်းပြုံးပြ နေရတော့တာ ပဲဗျို့။ ဒီနေ့လည်လည်း ထုံးစံအတိုင်း လုပ်စရာရှိ တာတွေလုပ်၊ ခေါင်းလောင်းတီးသူတွေ ပြန်ပြုံးပြနဲ့ ပေါ့။ မနက်က ဧည့်စာရင်းလေး ကွန်ပျူတာ ထဲ ပြန်စစ်နေတုန်း အဆက်မပြတ် မြည်နေတဲ့ ခေါင်းလောင်းသံကြောင့် စိတ် အနှောက်အ ယှက် နဲနဲတော့ ဖြစ်မိရတယ်။ ကျုပ် လှမ်းကြည့်လိုက်တော့ ကျုပ်တို့ ရုံးကို စာရေးရာထူး နဲ့ ပြီးခဲ့တဲ့ တပတ်ကမှ ဝင်လာတဲ့ ချာတိတ်...။

မဟုတ်သေးပါဘူး ဒီကောင် မကြီးမငယ် နဲ့ ။ ဟေ့ကောင် ဆက်မတီးနဲ့တော့ ရပ်လိုက်စမ်း။ အားနာတယ်ဗျာ ကျုပ်က လူအေးဗျ တော်ရုံ နဲ့တော့ ဘယ်သူ့ကိုမှ မငေါက်ချင်ဘူး။ ဒီကောင်တော့ ပြောလေ ပိုတီးလေ ခက်တော့နေပြီ။ မှတ်လောက်သားလောက်အောင် အနား သွားပြီး တီးနေတဲ့လက် ဖမ်းအချုပ်....။ မေးထောက်ထားတဲ့ လက်ဖဝါးကနေ ကျုပ်မျက်နှာ ငိုက်ကနဲ ပြုတ်အကျ၊ ကံကောင်းလို့ စားပွဲနဲ့ ကျုပ်မျက်နှာ မအပ်မိတယ်။ တော်သေးရဲ့ ဘေးဘီမှာ လူရှင်းနေလို့။

ကျုပ်ညက ၂လုံးတွက်ရင်း နဲနဲမိုးချုပ်တာရယ်၊ နေ့လည်စာ နဲနဲ များသွားတာ ရယ်ကြောင့် မှေးကနဲ ဖြစ်သွားမိတာ၊ ယုံပါဗျာ ကျုပ် တခါ တလေမှ ပါ။

တံခါးဝက ခေါင်းလောင်းလေးကို နေရောင် အထိုးမှာ လှမ်းကြည့်လိုက်ပြန်တော့ ပင့်ကူအိမ် ကလေးများတောင် ရက်ဖွဲ့လို့....။

ကဲ ဘယ်လိုတုန်းဗျာ ခင်ဗျားတို့လည်း ဝန်ဆောင်မှုကို သဘောကျရင် ခေါင်းလောင်းလေး မမေ့မလျော့ တီးခဲ့ကြအုံးဗျ...နော....။

ဘဝ အမောတွေ ပြေကြပါစေ...



Image Source : robinsdocksideshop.com

Friday, January 22, 2010

ပန်းကလေး ငါးပွင့် အတွက် မြေဆီဩဇာ

ကျမ ဒီပို့စ်ကို ရေးဖို့ စဉ်းစားနေတာ ကြာပေါ့။ ဘယ်လိုလေး ရေးလိုက်မယ် ဆိုပြီးတော့လည်း ဖရိန်ချထားပြီးသား...ခက်နေတာ ကျမက အဲလို အတည်ပေါက် ရေးရမဲ့ ပိုစ့်တွေဆို လက် သိတ်နှေးတာ။ ကျမ အကြိုက် ပေါက်တတ်ကရများ ရေးရမယ်ဆို လက် စက်တပ်ထားသလို..

ခုတလော ကြားနေရတဲ့ မြတ်စွာဘုရား နဲ့ ဗုဒ္ဓဘာသာကို ထိပါး စော်ကားစွာ ရေးထားတဲ့ ဘလောဂ့်အကြောင်း ပါ။ တော်တော်များများ သွားဖတ်ကြပြီးတဲ့အခါ အဲဒီ ဘလော့ဂ်ပိုင်ရှင် ဟာ ဗုဒ္ဓဘာသာဝင်တွေကို အမျက်ဒေါသ သင့်အောင် တမင် ထိုးနှက် ရေးသားထားတာမို့ သွားဖတ်မနေပါနဲ့တော့ လို့လည်း တချို့က တားမြစ်ကြပါတယ်

သွားကြည့်လိုက်ပါ အုံးနော် ဆိုရင်တောင်မှ သွားချင်မှ သွားကြည့်ဖြစ်မှာ။ လူ့စိတ်ဆိုတာကလည်း တားတာ ကိုမှ လုပ်ချင်တာ ဆိုတော့ကာ ကျမ ကြည့်ဖြစ်အောင် သွားကြည့်လိုက်ပါတယ်။

အဲဒီ ဘလော့ဂ်ပိုင်ရှင်ဟာ ရေရေလည်လည်ကို မိုက်တာ၊ မိုက်တာမှ ဒေဝဒတ် မိုက်နည်းလေး နဲ့ပါ။ ထားပါလေ သူ့ရွေးချယ်မှု နဲ့ သူ ဘာမှ စောဒက တက်စရာ မရှိပါဘူး။

ဪ...မြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိလို့ကတော့ အောင်ခြင်း ၉ ပါး ဖြစ်သွား နိုင်တယ်လို့ တောင် တွေးမိသေးတယ်။

နောက်တခုက Jan ၁၂ ရက်နေ့ထုတ် The New Paper မှာ ဖော်ပြထားတဲ့ မှုခင်းသတင်း တပုဒ်ပါ။

အိန္ဒိယနိုင်ငံသား ကုလား Reddy ဟာ တနေ့မှာ Missed call ပြန်ခေါ်ရင်း သီရိလင်္ကာ နိုင်ငံသူ Devi ဆိုတဲ့ အမျိုးသမီး တယောက်နဲ့ သိကျွမ်းခဲ့ ပါသတဲ့။ အဲဒီ ကုလား အကင်းပါးပုံကတော့ Devi က သူ့ကို ရှင်ဒီည Geylang ကိုသွားမှာ လားလို့ မေးတာနဲ့တင် သူမဟာ ပြည့်တန်ဆာမ ဖြစ်တယ် ဆိုတာ သူ သဘော ပေါက်ခဲ့ တယ် တဲ့လေ။

အဲသလိုနဲ့ ချိတ် ချိတ် ချင်း ငြိ ဆိုသလို တညမှာတော့ ဈေးတည့်ပြီး Geylang က Hotel တခုမှာ တွေ့ဖို့ ချိန်းကြ၊ ပြီးတော့ ပျော်ပါးဆက်ဆံခဲ့ကြတယ်။

နှစ်ခါ ဆက်ဆံပြီးကြလို့ ကိုယ်လက်သန့်စင်ပြီးကြတဲ့ အခါမှာ ကုလားက နောက်တခါ အဆစ်တောင်းသတဲ့။ ဒါနဲ့ Devi က ပိုက်ဆံထပ်ပေးဖို့ပြော တဲ့အခါ ကုလားက မပေးနိုင် ဘူးပေါ့၊ Devi က ဒါဆို Agent နဲ့ တိုင် မယ် ဆိုပြီး ဖုန်းကောက်ဆက်လို့ ကုလားက ဖုန်းကိုင်လက်ကို သူ့လက်တဘက် နဲ့ ချုပ်၊ နောက်တဖက် က Devi ရဲ့ လည်မြိုကို ဖမ်းညှစ်ထားခဲ့တယ်။

တမိနစ် နှစ်မိနစ် လောက်ကြာလို့ Devi လျာထွက်ပြီး ခေါင်းအနောက် လန်ကျတော့မှ သေပြီ လို့ သိပြီး အစဖျောက်ဖို့ လုပ်တော့တယ်။ အစ မဖျောက် ခင်မှာ Devi ရဲ့ ပစ္စည်းတွေနဲ့ ဖုန်းကို ယူထားလိုက် သေး တာပါ။ နောက်မှ အလောင်းကို မွေ့ယာအောက် အံဝှက်ထဲထည့်ထားပြီး အပြင်ကို ဟန်မပျက် ထွက်သွား ခဲ့တယ်။

ပြီးတော့ တနာရီတောင် မကြာဘူး နောက် ပြည့်တန်ဆာမ တယောက်ကို ထပ်ခေါ်လာပြီး အဲဒီ အခန်း၊ အဲဒီ မွေ့ယာပေါ်မှာပဲ ဆက်ဆံခဲ့ပြန်တယ်။ နောက် ၂ ရက်မြောက်နေ့မှာပဲ သူ အဖမ်းခံ ခဲ့ရတယ်။

သေသွားတဲ့ ပြည့်တန်ဆာမဟာ သေဆုံးချိန်မှာ ကလေး ၂ ယောက် ကျန်ရစ်ခဲ့ပြီး ကိုယ်ဝန် ၇ လ ရှိနေခဲ့ တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

ဘယ်လောက်များ ရက်စက်ပြီး သွေးအေးတဲ့ ကုလားပါလိမ့်....။

ကျမ ပြောခဲ့တဲ့ ဗုဒ္ဓဘာသာ ကို စော်ကားသူ ဘလော့ဂ် ပိုင်ရှင် နဲ့ လူသတ်ကောင် ကုလား Reddy တို့ ရဲ့ ဖြစ်ပျက်ပုံ ပုံစံချင်း လုံးဝ မတူပါဘူး။ ဒါပေမဲ့ သူတို့ ၂ ယောက် ဘာ့ကြောင့် ဒီလိုလုပ်ရတယ် ဆိုတဲ့ အခြေခံ ချင်းတော့ အတူတူပါပဲ။ အဲဒါ ဘာလဲ ဆိုတော့ ကိုယ်ချင်းစာတရား မရှိတာပါပဲ။

စဉ်းစားကြည့်ရအောင်ပါ။ ဗုဒ္ဓဘာသာ ကို စော်ကားသူ ဘလော့ဂ်ပိုင်ရှင် အနေနဲ့ ငါကိုးကွယ်တဲ့ ဘာသာကို တခြားတယောက်က ခုလိုပဲ စော်ကားလာရင် ငါဘယ်လို ခံစားရမလဲလို့ လုံးဝ မတွေးတာ သေချာပါတယ်။ အဲဒီလိုပါပဲ...ကုလား Reddy ဟာလည်း ငါ့နှမကလေးသာ အခြေမလှလို့ ပြည့်တန်ဆာမ လုပ်စားရတဲ့ အခါ ငါလိုကောင်မျိုးနဲ့သာ တွေ့ရင် ခက်ရချည့် လို့ သူ မတွေးခဲ့တာ၊ နှမချင်း မစာနာတတ်ခဲ့တာ။

ကျမ အလေးအနက် ယုံကြည်ပါတယ်။ လက်နက်ရှိ က လက်နက်မဲ့ကို ၊ အင်အားကြီးသူက အင်အားနည်းသူကို ၊ ပစ္စည်းရှိသူက ပစ္စည်းမဲ့သူကို ၊ ဖိနှိပ်သူက အဖိနှိပ်ခံ လူတန်းစားကို နှိပ်စက်ကလူ ပြုရက်တာတွေ ပြီးတော့ မကောင်းမှု ဒုစရိုက်တွေ အားလုံး၊ စစ်ပွဲတွေ အားလုံး၊ ရင်ထု ငိုကြွေးနေကြရ တာတွေ အားလုံးမှန်သမျှဟာ ကိုယ်ချင်းစာတရား ကင်းမဲ့ကြလို့ပါ။

ဒါကြောင့် ကျမ ရဲရဲ ပြောရဲတယ် ၊လူတွေ ကိုယ်ချင်းစာတရား ကင်းမဲ့ကုန်ကြရင် ဖြင့် ကမ္ဘာကြီးဟာ သိတ်ကို အကျည်းတန်သွားမယ် ဆိုတာပါပဲ။

ငါးပါးသီလဟာ ကျမတို့ လူဝတ်ကြောင်တွေ အတွက် မညှိုး မနွမ်းအောင် စောင့်ထိန်းရမဲ့ ပန်းကလေး ငါးပွင့် လို့ ဆိုရင် ကိုယ်ချင်းစာတရား ကတော့ အဲဒီ ပန်းကလေးတွေ အမြဲ စိမ်းလန်း ရှင်သန် နေအောင် အဓိက အားဖြည့် ပေးနိုင်တဲ့ မြေဆီဩဇာ လို့သာ ဆိုလိုက်ချင်ပါတော့တယ်...။

ကိုယ်ချင်းစာတတ်ကြပါစေရှင်....


Tuesday, January 19, 2010

ဒါဇင်ဝက်...

၂၀၀၈ ခုနှစ် ရွာတခေါက် ပြန်တုန်းကပေါ့။ တည ရွှေနိုင်လွန်က ဒူးမလိုင် သောက်ပြီးအပြန် အိမ်မှာ လဘက်တပန်းကန်၊ ရေနွေးတလင်ပန်း နဲ့ မိသားစု စကားဝိုင်းလေး ဝိုင်းဖြစ်ခဲ့ကြတယ်။ ခဏကြာတော့ ကျမ အမျိုးသားနဲ့ ငယ်သူငယ်ချင်း ဆိုတဲ့ အမ တယောက် ရောက်လာပြီး စကားဝိုင်းလေးက ပိုစည်ကား သွားခဲ့တယ်။ ကျမကတော့ နင်လုံး ငါလုံး တွေနဲ့ စကားတွေ ရေပက်မဝင်အောင် ပြောနေတဲ့ သူတို့ သူငယ်ချင်း နှစ်ယောက်ကို သဘောတကျ ကြည့်ရင်း တဖက်ကလည်း ယောက္ခမကြီး နဲ့ လဘက် လုစားရင်းပေါ့။

သူတို့ နှစ်ယောက် စကားလမ်းကြောင်းက ဟိုရောက် ဒီရောက်ပါပဲ။ အထူးသဖြင့်တော့ ငယ်တုန်းက သူငယ်ချင်းတွေ ဘယ်သူတွေကတော့ဖြင့် သေပြီ၊ ဘယ်သူကတော့ဖြင့် အရက်စွဲနေတာ၊ ဘယ်သူကဖြင့် ခုထိ အပျိုကြီး ဖြစ်နေတုန်း၊ ဘယ်သူကဖြင့် အိမ်ထောင်ကျပြီး ကလေး တပုံကြီးနဲ့၊ ဟိုကောင်က ဖြင့် စီးပွားရေးမှာ ဘယ်လို အောင်မြင်နေတာတို့၊ ဟိုတယောက်ကဖြင့် ဌာန တခုမှာ ဘာကောင်ကြီးဖြစ်နေရဲ့ ဆိုတာမျိုး...အို သူတို့ သိသမျှ မှတ်မိသမျှ သူငယ်ချင်း တွေ အကြောင်း စုံလို့ပါပဲ။

အဲဒီလို သူငယ်ချင်းတွေ အကြောင်းကနေ ဘယ်ကလို ဘယ်လို ကလေးအကြောင်း ရောက်သွားတယ် မသိဘူး။

" ဟဲ့ နင်တို့ ကလေး မရကြသေးဘူးလား...."

အဲဒီ အမရဲ့ အမေးကို ကျမ အမျိုးသားက ခပ်နောက်နောက် ပြန်ဖြေပါတယ်။

" ဟေ့အေး မရသေးဘူး၊ မရဆို ငါတို့မှာ ပေးစရာ အကြွေးမှ မရှိတာ "

" ဘာဖြစ်တယ် ငါနားမလည်ဘူး နင့်ဟာက ရှင်းစမ်းပါအုံးဟ "

" ဪ နင်ကလည်းဟာ ကလေးဆိုတာ ဟိုးအရင် ဘဝက ပေးစရာ အကြွေးရှိခဲ့လို့ ဒီဘဝမှာ လာပြန်တောင်းတာဟ...ငါတို့က အဲလို ကြွေးကင်းခဲ့လို့ "

" အောင်မာ ဟဲ့ကောင် နင် စပျစ်သီး ချဉ်မနေစမ်းပါနဲ့ မဟုတ်တာတွေ "

" တကယ်ပြောတာဟ နင်မယုံဘူးလား ကလေး တယောက်ပဲ ရှိတဲ့သူဆိုရင် အဲဒါ ဟိုဘဝက ဘတ်စ်ကားခ မပေးပဲ ခိုးစီးခဲ့လို့ အဲဒါ ခုဘဝ ပြန်ပေးဆပ်ရတာ "

ကျမဖြင့် နားထောင်ရင်း ပြုံးမိရသည်။ သူဖောက်လာပြီ...အဲဒီလိုပဲ လူရင်းတွေနဲ့ဆို အစအနောက် သန်ပြီ။

" နေစမ်းပါအုံး နင် ခု ကလေး ဘယ်နှစ်ယောက် ရပြီတုန်း "

အဲဒီ အမက ပြုံးတုံ့တုံ့နှင့် ပြန်ဖြေရှာသည်။

" ၃ယောက် "

" ဟား....အဲဒါပေါ့ ကလေး ၃ယောက် ရှိတဲ့သူဟာ ဟိုးဘဝတုန်းက ဘုရားအလှူခံဘုံး ဖောက်ခဲ့လို့ဗျား "

" လုပ်ပြီ နင်ဟာလေ ပေါက်ကရ ပြောပြီ ဟား ဟား ဟား "

အမက ပြောလဲပြော ရယ်လဲရယ်ပါတယ်။ ကျမ အမျိုးသားက ဆက်ပြောပြန်တယ်။

" ၃ယောက် မို့လို့ပေါ့ဟာ ၆ ယောက်ဆိုရင်တော့ နင် သေချာပြီ အဲဒါ ဘုရားရွှေခွာတဲ့ အဖွဲ့ထဲကပဲ "

အဲဒီမှာ တချိန်လုံး ငြိမ်နေတဲ့ ကျမ ယောက္ခမကြီးက လဘက်ဇွန်း ခဏချလို့ ထပြောလိုက်တာ...။

" အောင်မာလေးတော် ကျူပ်တို့လဲ ၆ ယောက် မွေးခဲ့တာပါတော်.....တဲ့ "

ဘဝ အမောတွေ ပြေကြပါစေ...


Sunday, January 17, 2010

ချစ်ကြည်အေး နှင့် အင်တာဗျူး - အပိုင်း ၂

ယခု ဖော်ပြမည့် အင်တာဗျူးမှာကား ခွက်ခွက်လန် မဂ္ဂဇင်းတိုက်မှ မောင်ဘလာ ဂေါ် စင်္ကာပူ ရောက်ခိုက် ဆရာမ ချစ်ကြည်အေး နေအိမ်တွင် တွေ့ဆုံ မေးမြန်း သွားသည်များအား ဖောက်သည်ချခြင်း ဖြစ်ပေသည်။ မြန်မာပြည်ရှိ စာစောင် မဂ္ဂဇင်းများ၌ မဖော်ပြမီ ဘလော့ဂ်ဖတ်လာ ပိတ်သတ်ကြီး များအား ဦးဦးဖျားဖျား တင်ပြ လိုက်ရပေသည်။

ဂေါ်း ဆရာမ နေကောင်းရဲ့နော် (နှုတ်မှ မဖြေ ပြုံးပြ၏ ၊ ကောင်းသည့်သဘော)
ဒါဆို မေးခွန်းလေး စလိုက် ကြရအောင်....

ဂေါ်း ဆရာမ စာအသစ်တင်တိုင်း ပရိသတ်တွေ လာ လာဖတ်ကြတာ တွေ့ရတယ်ဗျ ၊ အဲဒီလို ပရိသတ် မျက်ခြေမပြတ်တာ ဆရာမ ရေးတဲ့စာ အမျိုးအစား ကြောင့်ပါလားခင်ဗျာ..
ချစ်း အဟင်း ဟင်း...အဲဒါက စာရေးတာနဲ့ မဆိုင်ဘူးကွဲ့ ၊ ဘလော့ဂ်နီးချင်း တွေဆီက ပိုက်ဆံ လှည့်ချေးထားတော့ သူတို့ အမကို မျက်ခြေပြတ် မခံကြဘူးလေ...ဟက်ဟက်...


ဂေါ်း ကျနော်တို့ မြန်မာပြည်က စာရေးဆရာ တချို့ဟာ စာကောင်းပေမွန်တွေ အဆင့်မြင့်မြင့် ပေါ်ထွက်ရေးအတွက် အဆင့်မြင့် ဟိုတယ်တွေမှာ တက်ရောက် စာရေးလေ့ ရှိပါတယ် ၊ ဆရာမ အနေနဲ့ရော ဒီမှာ ဘယ်လိုစာရေးပြီး မြန်မာပြည်ပြန်တဲ့ အခါ ဘယ်မှာများ စာရေး ပါသလဲ...။
ချစ်း အင်း ခုတလော မိုးတွေ ရွာနေတာနဲ့ပဲ အရင်လိုတောင် အထပ် ၄၀ တိုက်ခေါင်မိုးပေါ် တက်မရေးနိုင်တာ ကြာပြီရော...၊ မြန်မာပြည် ပြန်ရင်တော့ မိုးလုံလေလုံ ထုတ်တန်းပေါ် တက်ရေးတယ်ကွဲ့.....


ဂေါ်း "ပေးကားပေး၏ မရ" ဆိုတာကို နောင်လာနောက်သားတွေ နားလည် လွယ်အောင် ရှင်းပြပေးပါအုံးခင်ဗျာ ...
ချစ်း (မေးစေ့လေးပွတ်၍ စဉ်းစားပြီးသော်... ) အမတို့ မြန်မာပြည်ကြီးမှာ တနေ့ကို ၂၄ နာရီလုံး အချိန်ပြည့် လျပ်စစ်မီးတွေ ပေးနေတယ်လေ...၊ အဲ...သတင်းစာထဲမှာပေါ့ကွယ်...၊ ဒီတော့ သတင်းစာ ဝယ်မဖတ်နိုင်တဲ့သူတွေ အချိန်ပြည့် မီးမရကြဘူး....


ဂေါ်း စင်္ကာပူမှာ နေရာပေါ်လိုက်ပြီး အိမ်ဈေးကြီးတယ်လို့ သိရတယ်ဗျ ၊ ဆရာမ အိမ် ၃ လုံးဝယ်ထားတယ် ကြားတာ ဒါက ပထမဆုံးအိမ်ပေါ့နော်...နောက် ၂ လုံးကရော ဘယ်မှာများ ဝယ်ထားလဲဗျ...
ချစ်း စတိုခန်းထဲမှာ...
ဂေါ်း ဗျာ...
ချစ်း လူနေဖို့ ဟုတ်ဖူး...ငှက်မွေးဖို့ရယ်....


ဂေါ်း ဆရာမက လက်ရှိမှာ ဝင်ငွေ အရမ်းကောင်းနေတော့ အခွန်ရှောင်တယ် လို့ နာမည်ကြီး နေတယ် အဲဒါလေး တဆိတ် ရှင်းပေးနိုင်မလားဗျာ...
ချစ်း (မျက်လုံးလေးပြူး၍...) အို...ကောလဟာလတွေ မယုံပါနဲ့ကွယ် ၊ အမဖြင့် ခုတလော အလုပ်တွေ များလွန်းလို့ ဒူးရင်းသီး နဲ့ ငှက်ပျောသီးက လွဲလို့ ကျန်တာတွေ အခွံတောင် မရှောင်နိုင်ပဲ ဝါးစား ပစ်နေရ ပါရောလား....။


ဘဝ အမောတွေ ပြေကြပါစေ...

Saturday, January 16, 2010

ဒိုင်ပွဲရပ်

Sorry Myspace Comments

မျက်စိ မှိတ်ပြီး ဇွတ်နှစ် ယုံရမဲ့ အထဲမှာ
အချစ်ဆိုတာ ပါမလာခဲ့လေတော့
ခံပေအုံးပေါ့ ကွယ်.....

မင်းပဲလို့ သေချာခဲ့ပြီးတဲ့နောက်
ငါ့အတ္တတွေ ငါ့ခြေဖဝါးအောက် အလိုလိုရောက်နှင့်
မင်းကဖြင့် မတော်တဆ ခလုတ်တိုက် သွားခဲ့တဲ့သူပါ

အဲသလို.........
ပြီးပါပြီ... စာတမ်းထိုး... ကန့်လန့်ကာချ နေတာတောင်
ငါလို တုံး အ အ ကောင်က ဆက်ရန်ကျန်သေးသည် လုပ်တုန်း
အဟုတ် မုန်းပါပြီ ဆိုမှ အသဲတွေလည်း​‌​ကွဲ
မင်းဘက်က....
ဝှက်ဖဲတွေ အပြည့် နဲ့ အလဲမထိုးခဲ့ပေမဲ့
(ရင်နာနာ နဲ့ ပဲ ....)
ငါ့ဘာသာ ဒိုင်အဖြစ်....တခန်းရပ်ပစ်ခဲ့တယ်....။





လူအချင်းချင်း အသဲခွဲခြင်း ကင်းရှင်းကြပါစေ.....:P

Image Source : myniceprofile.com

Friday, January 15, 2010

ဝက်မလွတ်

Cartoons Myspace Comments

သူပြော ပြောနေတတ်တယ် ကျမက ပထမချစ်သူ တဲ့...ဒါတောင် ပြိုင်ဘက်မရှိ မဟုတ် သေးဘူး၊သူ့ အမေ နဲ့ ကျမ အမေကလည်း သူ့ရဲ့ ပထမချစ်သူ တွေပဲ တဲ့။ ကိစ္စ မရှိပါဘူး လေ...အမေတွေ ကို ချစ်တတ်တဲ့ သားဟာ မိန်းမ အပေါ်လည်း ကြင်ကြင်နာနာ ရှိသတဲ့...

ဒါနဲ့ပဲ ကျမက ပူးတွဲ ချန်ပီယံ အဖြစ် ကျေနပ် လိုက်တယ်. ...။

နေစမ်းပါအုံး ဒုတိယ ချစ်သူကရော ဆိုတော့ ဝက် တဲ့......
ကျမဖြင့် သဝန်တိုရမှာတောင် ခက်သွားတယ်...။ 

အိပ်ကောင်း စားကောင်းနဲ့ ဇိမ်ယစ်လို့မှ မကြာခင် ကျမ ခန္ဓာကိုယ်က လုံးလုံးလေး ဖြစ်လာတဲ့အခါ ဝက်ပုတ်မ တဲ့....

စိတ်ကောက်ချင်ယောင်ဆောင်ပြီး ကျမ နှုတ်ခမ်းထော် နေရင် မျက်နှာပေါ် ဝက်မနှုတ်သီး ရောက်နေသလို တဲ့....

ကျမရဲ့ ကြာမျက်လုံး စင်းစင်းလေးတွေကိုများ ဝက်မျက်လုံးလေးတွေ တဲ့....
(ထားလိုက်ပါတော့လေ သမင်မ မျက်လုံးနဲ့ သိတ်မကွာပါဘူး တိရိစ္ဆာန်တွေ ချည်းပါပဲ )

ကျမ ဆံပင် ခွေလိပ်လိပ် လေးတွေကို ကိုင်ပြီး ဝက်မြီးလေးတွေ ကောက်တပ်ထားလား တဲ့...

ကဲ စဉ်းစားသာ ကြည့်ကြပါတော့.....

ကျမ နာမည် "ဝက်မလွတ်" လို့ ပြောင်းသင့် မပြောင်းသင့်......။


ဘဝ အမောတွေ ပြေကြပါစေ...




Image Source : myniceprofile.com

Wednesday, January 13, 2010

အသစ် တဖန်...အပိုင်း ၂ (ဇာတ်သိမ်း)


ကျမ ဒီမြို့လေးရောက်တာ ဘာလိုလိုနဲ့ တနှစ်နီးပါး ရှိခဲ့ပြီ။ မြို့ခံလူတွေရဲ့ ဟန်ဆောင်မှု ကင်းမဲ့တဲ့ အပြုံး၊ စာသင်သား ကလေး တွေရဲ့ ချစ်စဖွယ် မျက်ဝန်းလေးတွေ၊ မြို့လေးရဲ့ ရေမြေ သဘာဝ အလှအပတွေကြား၊ ကျမ အတွက် တော်ရာမှာ ပျော်အောင် ကြိုးစား နေခဲ့ရသော အချိန်လေးများသာ ဖြစ်လေသည်။

ခြေတံရှည် အိမ်ကလေးထဲ အခန်းရယ်လို့ သတ်မှတ်စရာ ၂ ခန်းသာရှိလေသည်။ အခန်းတွေ က တံခါး မရှိတာမို့ ကျမတို့ နှစ်ယောက် သား တံခါး ဘောင် ဘယ်ညာ၌ သံရိုက်ကာ ကြိုးတန်းလို့ ခန်းဆီးကလေး တွေ တပ်ခဲ့ရလေသည်။ မြို့ကလေးသို့ ကျမ နှင့် အတူ ဆရာမ အဖော် တယောက် ပါလာခဲ့ပါ၏။ နုနုထွေး ဆိုသော ပါးရဲရဲ၊ အသားဖြူဖြူ၊ ကိုယ်ထည် လုံးလုံး ကလေးနှင့် ပွင့်လင်းသော ချစ်စရာ တောင်ပေါ်သူကလေး။

မြို့ကလေးနှင့် ရိုးသားပွင့်လင်းသူတွေ အကြား ခံစားမှုတွေ မြိုသိပ်ရင်း ဟန်ဆောင်တတ်သူမှာ ကျမ တယောက်တည်းရယ်လို့ မကြာ ခဏ တွေးမိရင်း မောင့်ဆီကို စာအစောင်စောင် ရေးခဲ့မိ ပြန်လေသည်။
မောင် ရှိနေသော နိုင်ငံ နှင့် နေ့စွဲလေးများ စာအိတ်ပေါ် ရေးထိုး၍ မောင့်နာမည်သို့ လိပ်မူထား သော စာအိတ်ဖြူ ကလေးများ ကျမမှာ အိတ်ကြီးတလုံးနှင့် ထည့်ထားရလောက်အောင် များ လှနေပြီ။ တခါတလေတော့လည်း စာလေးတွေ ထုတ်ဖတ် ရင်း အလွမ်းဖြေရသည်။

မောင်ရေ မောင်ထွက်သွားပြီး တလ အကြာမှာ သက်ထား အိမ်ကိုဖွင့်ပြောလိုက် တယ် သိလား၊ ကိုစည်သူထွန်းနဲ့ ဖေဖေတို့ စီစဉ်ထားတာကို ဖျက်ပေးဖို့ပေါ့၊ အိမ်ကို ပြော မရနိုင်တဲ့အဆုံး ကိုစည်သူ နဲ့ လူချင်းတွေ့ပြီး ဆွေးနွေးခဲ့ကြတယ်။ မောင် ထင်သ လောက် မခက်လှပါဘူးကွယ်။ အဖက်ဖက်က ပြည့်စုံလို့ သားမက် ဖမ်းချင်သူ များနေတဲ့ သူကိုမှ သက်ထားက မာန သွား ထိခဲ့ တာ ကိုး "ကိစ္စမရှိပါဘူး မသက်ထားဆွေ ကျနော့် မိဘတွေကို ပြောပြပြီး ဖျက်သိမ်း ခိုင်းပေးပါ့မယ်" တဲ့လေ။ ဖေဖေ ဆိုတာ စိတ် တွေဆိုး၊ ဒေါသ တွေ ထွက်လို့ သက်ထား နဲ့ တလလောက် မျက်နှာချင်း မဆိုင်ဘူး သိလား....

နောက်နှစ်လလောက် ကြာတော့ သက်ထားလျှောက်ထားတဲ့ အလုပ်က ခေါ်စာရတာနဲ့ ဒီမြို့ကလေးကို ရောက်ခဲ့ရတာ၊ မေတ္တာဖြူ ဖောင်ဒေးရှင်း တဲ့ မောင် ကြားဖူးမှာပါ။ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို အခမဲ့ပညာရေး ပံ့ပိုးပေးနေတဲ့ ဖောင်ဒေးရှင်း လေး ပေါ့...

ဒီလိုပါပဲ မောင်ရယ် မိဘ နဲ့ သားသမီး ဆိုတာ စိတ်ဆိုးလဲခဏပေါ့ မေမေကဆို အကြော်အလှော် အစားအသောက် တွေ အဝတ်အစား နဲ့ ဆေးဝါးက အစ လူကြုံ ရှိတိုင်း ထည့်ပေးတတ်တယ်။ ဖေဖေ့ဆီက စာလည်းပါတတ်သေးတယ် မောင်ရဲ့....

ကျမ ဒီဘဝလေးထဲမှာ နေပျော်အောင် ကြိုးစားရင်း၊ရင်ထဲက အနာဖေး မတက်သေးတဲ့ ဒဏ်ရာကို ဇွတ်မေ့ရင်း၊ အသားတကျ ဖြစ်ပါပြီ လေလို့ ဟန်ဆောင်စာတွေ မောင့်ဆီ ရေးနေခဲ့မိ ပြန်လေသည်။

မောင် နေကောင်းရဲ့လား အလုပ်ရော ပင်ပန်းလားဟင်...သက်ထား အတွက် မပူနဲ့နော် သက်ထား အစစ အဆင်ပြေတယ် ပေါင်ချိန်တောင် တိုးလာတယ် မောင်ရေ....

စာတွေ ဖတ်ရင်း ကျမ ပြုံးမိ ရပြန်လေသည်။ မောင်က...မောင်က ကျမကို စိတ်ပူ နေမတဲ့ လား...... ဘယ်လောက်များ ကြောင်လိုက်တဲ့ အရေးအသား ပါလိမ့်......
စွန့်သွားရက်ခဲ့သူကြီးရဲ့ အကြင်နာတွေကို မဖြစ်နိုင်မှန်း သိရက်နဲ့ အတွေးထဲ ဘာသာ ဖန်တီး ယူမိနေ ပြန်လေသည်။ ရူးနှမ်း မိုက်မဲတဲ့ ကျမပါပဲ...။

ဘာပဲဖြစ်ဖြစ် ပြောင်းလဲပစ်လိုက်ဖို့ ကျမ မကြိုးစားပါ...စာသင်ချိန် စားချိန် အိပ်ချိန် တွေရယ်၊ နုထွေး ကျမ အနားရှိချိန် တွေရယ်က လွဲလျှင် ကျမ၏ ကိုယ် စိတ် နှလုံး သုံးပါးစလုံး အား မောင့်ထံ ပုံအပ်လျက် ကျမ၏ နေ့ရက် ပန်းချီကားတို့ကို တကိုယ်တည်း စိတ်ကြိုက် ချယ်မှုန်း ရေးဆွဲ နေခဲ့လေတော့သည်။‌​ ‌

***************************************
၂ နှစ်ခန့် ကြာသော်....

ပြူတင်းဘေး သစ်ပင်ကိုင်းလေးထက် အဝါရောင် ငှက်ကလေး နှစ်ကောင်။ ကျမ အိပ်ရာက မထသေးပဲ ငှက်ကလေး နှစ်ကောင်ကို ပြုံးကြည့် နေမိသည်။
"One for sorrow, Two for Joy" တဲ့...ကျမ ပျော်ရတော့ မှာလားဟင်...ဒီနေ့ ကျမ နားရက်မို့ မနေ့ညက တော်တော်နှင့် မအိပ်ခဲ့ပေမဲ့ လူက ကြည်လင်လန်းဆန်းလို့ နေလေသည်

" ဆရာမရေ....ဆရာမ...လူကြုံပစ္စည်း ပါလာလို့ ကျမ တက်လာခဲ့လိုက်ပြီနော် "

" အေး အေး မတိုးရေ လာ လာ တက်ခဲ့ "

ပါးစပ်ကလည်း ပြန်ထူးရင်း အင်္ကျီ ဆွဲဆန့်၊ ထမီ ပြင်ဝတ်၊ ခေါင်းလဲဖီး တဆက်တည်း လုပ်ရင်း မတိုး ဆီက အထုတ်ကို လှမ်းယူလိုက်သည်။ မတိုး မျက်နှာက ရယ်ချင် ပက်ကျိ....။

နောက်ဖေး ကပြင်လေးဆီ ပြေးပြီး မျက်နှာ အမြန်သစ်၊ ပြီးမှ စာအိတ်လေးကို ပုံမပျက် ဖောက်သည်။ စာအိတ်လေးက ဖေဖေပို့နေကျ ဝါကျင့်ကျင့် Air Mail စာအိတ် မဟုတ်ပဲ အဖြူရောင် ပြောင်လေး ဖြစ်လေသည်။ စာအိတ်ထဲကနေ ဖဲကြိုး ပန်းရောင်လေး နှင့် လှပစွာ ထုတ်ပိုးထားသော အခွံမာ ဗူးကလေး တခု...။ ရုတ်တရက် ရင်ဘတ်ထဲက ရင်ခုန်သံ ကသောင်းကနင်းကို ကျမ အကျယ်ကြီး ကြားလိုက် ရလေသည်။

အဲဒီ ဗူးလေး အထဲမှာမှ ဖဲကြိုး ခရမ်းရောင်လေးနှင့် တွဲရက် ချည်နှောင်ထားသော မောင်းကွင်း လက်စွပ်လေး နှစ်ကွင်း....
အို.....ဒါ.....ဒါက ကျမ မောင့်ကို ပြန်ပေးခဲ့တာတွေလေ..... စာအိတ်လေးကို နောက်တဖက် လှန်ကြည့် လိုက်တော့မှ
"ဆင်းခဲ့ကွာ" တဲ့...... မောင့်လက်ရေး....ဟင့်အင်း ကျမ မယုံနိုင်သေးပါဘူး.....

ကျမ အိမ်ရှေ့ ဝရံတာဘက် ပြေးထွက်လို့ ငုံ့ကြည့် လိုက်တော့ မှ....ကွပ်ပစ်ပေါ်ကနေ အိမ်လေးပေါ်ကို လှမ်းကြည့်နေတဲ့မောင်.....
ကျမ အမြင်မမှားပါ...သေချာပါသည်... ကျမရဲ့ မောင်ရယ်လေ.....

ကျမ ကိုယ်တိုင်တောင် မသိလိုက်ခင် ကျမရဲ့ ခြေလှမ်းတွေက ခြေတံရှည်အိမ်လေးရဲ့ လှေကားတွေဆီ ပြေးအဆင်း.....
မောင်က မတ်တပ်ရပ်လို့၊ သူ့လက်နှစ်ဘက်ကို ဘေးမှာ ဆန့်တန်းလို့၊ အကြင်နာ ရင်ခွင် ခိုလှုံလိုသူလေး အတွက် ရင်ကိုဖွင့်လို့ ကြိုနေလေရဲ့........



ဘဝ အမောတွေ ပြေကြပါစေ...




မောင်ငယ် ဏီလင်းရဲ့ တက်ဂ် ပို့စ်လေးကြောင့် အချစ်ဝတ္ထုလေး တပုဒ် ကျမ ရေးဖြစ်ခဲ့ပါပြီ...။ အားမရတာတော့ အမှန်ပါ၊ ပြီးသွားလို့ ကျမ ဘာသာ ပြန်ဖတ်ကြည့်တဲ့အခါ စာတွေက နူးညံ့မနေပဲ နဲနဲတောင့်နေသလားလို့....။ အချိန်ပေးပြီးလာဖတ်ကြ၊ တခုတ်တရ ကော်မန့်ရေးသွားကြတာတွေ အတွက် ရင်ထဲကနေ ကျေးဇူးတင်ပါတယ်ရှင်...။
ဏီလင်းရေ...သတိတရ တက်ဂ်ထားလို့ ကျေးဇူး...၊ အမရဲ့ အားထုတ်မှု ညံ့နေခဲ့ရင်တော့ ခွင့်လွှတ်နော်....

Image Source : 123rf.com

Tuesday, January 12, 2010

အသစ် တဖန်...အပိုင်း ၁

Broken Heart Myspace Comments

ကန်ရေပြင်ပေါ်မှာ လှိုင်းကြက်ခွပ်ကလေးမျှ မရှိအောင်ပဲ လေငြိမ်လို့နေသည်။ ဒီနွေရယ်..........ကြည့်လေရာတိုင်းမှာ အပူငွေ့လှိုင်း တွေနှင့် ခြောက်သွေ့လွန်း လှပါရဲ့။ မောင် နဲ့ အတူ တမြေတည်းမှာ ရှိမနေတော့ဘူး ဆိုတဲ့ အသိက အရာများစွာ တို့ထက် ရင်ကို ပိုလို့ လောင်ကျွမ်းစေတယ် ဆိုတာ မောင့်ကို သိစေချင်လွန်းလှသည်။

ရေထဲကငါး ကုန်းပေါ် တင်ထားခဲ့သလို တဖျတ်ဖျတ်လူးနေတဲ့ လောင်မြိုက် ရင်ခွင်ထဲက အပူကို မျက်နှာပေါ် မယူပဲ လူတွေအလည် ဟန်လုပ်ပြုံး နေရတဲ့ ကျမဘဝ မြင်လှဲ့စမ်းပါတော့ မောင်ရယ်။ သက်ထားဆွေ ဆိုတဲ့ လူဂုဏ်တန် အသိုင်းအဝိုင်းရဲ့ ရွှေပေါ်မြတင် မိန်းကလေး ဒါပေမဲ့ အပေါ်ယံ ရွှေရည်စိမ်တို့ ထုံးစံ ဟန်လုပ်နေရတာတွေနဲ့ ရက်ယှယ်ထားတဲ့ အဝန်း အဝိုင်းမို့ မောင်နဲ့တော့ သံ နဲ့ ပြဒါး တလမ်းဆီခြား လို့ ပြောပါအုံးတော့လား မောင်။

ခုချိန်ဆို မောင်က နိုင်ငံရပ်ခြားမှာ၊ မောင်ကိုယ်တိုင် ရွေးချယ် လျှောက်လှမ်းသွား ခဲ့တဲ့ ဘဝ အသစ်တခု၊ သေချာတာက သက်ထားဆွေ မရှိတဲ့ ပတ်ဝန်းကျင်အသစ် အဲဒီ အသစ် တွေကြားမှာ လူသစ်၊ စိတ်သစ်နဲ့ ...မောင့်နှလုံးသားကရော အသစ်များ ဖြစ်နေမလား...မောင် ပြောစမ်းပါအုံးကွယ်။ သက်ထားဆွေ ဆိုတဲ့ မိန်းမကို မောင်ကိုယ်တိုင် မောင့်လက်နဲ့ လှလှပပ မြေမြှုတ် သင်္ဂြိုလ်ပြီးခဲ့ ပြီပဲကွယ်။

မောင် နဲ့ နောက်ဆုံးအကြိမ် တွေ့ခဲ့ကြတုန်းကလည်း ခုလိုရေပြင်ကြီး ရှေ့မှာပဲ လေ။ ကျမတို့ နှစ်ယောက်လုံး နာရီ ပတ်လေ့မရှိ ကြပေမဲ့ ချစ်သူသက်တမ်း တနှစ်ပြည့် အမှတ်တယ ရွှေလက်စွပ် မောင်းကွင်းလေးကိုတော့ ညာဖက် လက်သူကြွယ်မှာ မချွတ်တမ်း ဆင်တူဝတ်ခဲ့ ကြဘူးပါသည်။ လက်စွပ်လေးရဲ့ အတွင်းဘက်မှာ ငြိမ်းသန့်ညို နဲ့ သက်ထားဆွေ ဆိုတဲ့ မောင်နဲ့ ကျမ နာမည် အင်္ဂလိပ်လို အတိုကောက်ရယ်၊ကျမတို့ ချစ်သက်တမ်း တနှစ်ပြည့် ရက်စွဲလေးရယ် ရေးထိုးထားခဲ့လေသည်။

မောင့်လက်ကနေ လက်စွပ်လေးကို ဆွဲယူ ချွတ်စဉ်မှာ မျှော်လင့်မထားတာမို့ မောင် ကြောင်အအ ဖြစ်နေခဲ့သေးသည်။ ကျမ လက်စွပ်နဲ့ ပူးတွဲလို့ ဖဲကြိုး ခရမ်း ရောင်လေးနဲ့ ချည်နှောင်ပြီး မောင့် လက်ဖဝါးလေးထဲ ပြန်ထည့် ပေးလိုက်ချိန် မှာတော့ အခြေအနေကို ရိပ်မိသွား သလို မောင့်မျက်နှာလေး ညိုမှောင်လို့ သွားခဲ့တော့သည်။

" သက်ထား အတွက် မလိုအပ်တော့ပါဘူး မောင်၊ မောင့် ဘဝအတွက် သင့်တော်လို့ မောင်ရွေးချယ်လာမဲ့ မိန်းကလေး အတွက် သက် ထား ရဲ့ လက်ဖွဲ့ပါ အဲဒီအခါ လက်စွပ်လေးကို သက်ထားရဲ့ နှလုံးသားနဲ့ အတူ အရည်ကြိုဖျက်လို့ နာမည်အသစ်လေး ရေးထိုး ပေး လိုက်ပါမောင်....သက်ထား သွားပါရစေတော့ မောင်ရယ် "

မောင်က ချစ်လှချည်ရဲ့ ဆိုတုန်းကလည်း ကျမက စိတ်တူကိုယ်တူ ကြည်ဖြူခဲ့သူ၊ မောင်ကိုယ်တိုင်ကမှ နေရစ်ခဲ့ပါတော့လို့ ဆိုပြန်တော့ လည်း မောင်ထားရစ်ခဲ့ရာမှာ နေပျော်ဖို့ ကြိုးစားမဲ့သူပဲ ဖြစ်ချင်ပါရဲ့မောင်။ ဘယ်တော့မှ မမေ့နဲ့မောင်...ကျမက ကကြိုးရုပ်တရုပ် ဆိုရင် အဲဒီ ကကြိုးရုပ်ကို ကြိုးဆွဲ အသက်ဝင် စေမဲ့သူဟာ မောင်ကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ဘူး ဆိုတာကိုပါ...။

မောင့်မျက်နှာပေါ်က သွေးကြောမျှင်လေးတွေရဲ့ အခုန် အလှုပ်....အံတင်းကြိတ်ထားတဲ့ မောင့်မေးရိုးတွေရဲ့ အတင်းအလျှော့.....
ကျမ မသိပါရစေနဲ့တော့...မသိပါရစေနဲ့တော့... မောင်ရယ်....

ကျမတို့ ဝေးကြပါစို့ နော် .....

မောင့်ရဲ့ အချစ်မှာ လုံးလုံးလျားလျား ပျော်ဝင်ကျဆုံး နေသူကိုမှ ရက်ရက်စက်စက် တသက်လုံးစာ ကျောခိုင်း လမ်းခွဲဖို့ ဆုံးဖြတ်ရက်တဲ့ ချစ်သူ မောင့်ကို ကျမကပဲ အရင် ကျောခိုင်းခဲ့ပါရစေ...တော့...

လိမ့်ကနဲ ကျလာတဲ့ ပါးပေါ်က မျက်ရည်စက်တွေကို ဆံပင်ရှည်တွေနဲ့ ကွယ်ဝှက်လို့ မောင့်ရှေ့က ဇွတ်တင်း ထွက်ခဲ့မိတော့သည်။

မောင့် မျက်ရည်တွေကိုတော့ဖြင့် ကြည့်ရက်တဲ့ သတ္တိ မရှိခဲ့လို့ပါ မောင်ရယ်......

************************************

မောင်ငယ် ဏီလင်းညို ရဲ့ တက်ဂ် ပို့စ်ပါ...။ မူရင်းပို့စ် သို့သော်လည်း နဲ့ တွဲဖတ်ရင် ပိုပြည့်စုံသွားပါလိမ့်မယ်...နဲနဲ ရှည်သွားတာမို့ ကျမ ၂ပိုင်း ခွဲလိုက်ရပါတယ်။ ဇာတ်သိမ်းပိုင်း မနက်ဖြန် တင်ပေးပါ့မယ်ရှင်...။

ချစ်ခင်ရင်းနှီးစွာ,



Image Source :mynicespace.com

Monday, January 11, 2010

ဘဝ မီတာ....

သက် ထက်ဆုံးမက နှောင်ငင် ပိုးကြိုးမျှင် သမုဒယ
ဝေ မျှ ပြန်ပြောရင် သံယောဇဉ် အနန္တ
မွေး ဖွားကြီးပြင်း ချည်နှောင်ခြင်းတွေက ဒီရေလို တစတစ
နေ့ များမှလ လမှသည်နှစ် ချစ်ခြင်းအစစ် ချည်နှောင်မှုအသစ် နဲ့ ဘဝ


ဘဝ ဆိုတာကို အသက် နဲ့ ရေတွက်တိုင်းတာ ကြစတမ်းလား.....
ဒါဆိုရင် တို့တတွေက မီတာတံရဲ့ တဝက် ခရီးမှာလား.....
ဒါမှမဟုတ် ခုမှ မီတာတံရဲ့ အစလား.....
ဒါတွေကို သိဖို့ရော တကယ်ပဲ လိုအပ်ပါရဲ့လား.....
အရေးကြီးတာက လူသားဆန်ဖို့....ခံစားမျှဝေတတ်တဲ့ နှလုံးသားရှိဖို့ပဲ မဟုတ်လား....

ခံစား မျှဝေတတ်တဲ့ နှလုံးသားရှိသော ချစ်စရာ အဖြူရောင်ပိုးမျှင်လို သူငယ်ချင်းကလေး အတွက်.....



Saturday, January 9, 2010

သေခြင်းတရား နှင့် ချစ်ကျွမ်းတဝင်

သေခြင်းတရား လို့ ဆိုလိုက်ရင် လူတွေ တော်တော်များများက နိမိတ်မရှိတာဟယ် ဖွဟဲ့ လွဲစေ ဖယ်စေ လို့ သူတို့ပဲ ဘယ်တော့မှ မသေတော့ မလိုလို ပြောတတ်ကြ ပါတယ်။
ကျမ နဲ့ အဲဒီ သေခြင်းတရား ဆိုတာကြီး ချစ်ကျွမ်းတဝင် ဖြစ်ခဲ့ပါတယ် ဆိုရင် ရှင်တို့ အံ့ဩကြမှာလား....။

တနေ့ သတင်းစာဖတ်ရင်း Nicky Byrne (Westlife Band) ရဲ့ လက်ရှိ အခြေအနေ ရေးထားတဲ့ အကြောင်းလေး ဖတ်လိုက်မိတယ်။ Westlifeဆိုတာက ကျမတို့ နဲ့ သိတ်မဝေး လှတဲ့ Irish Pop Boy Band လေးတခု မဟုတ်လား။


၂၀၀၉ ဟာ သူ့အတွက် အတော်ကိုဆိုးဝါးတဲ့ နှစ်တနှစ်ဖြစ် ခဲ့တယ် ။ ပြီးခဲ့တဲ့နှစ်က အောက်တို ဘာမှာ သူရဲ့ သူငယ်ချင်းကောင်း Stephen Gately ၃၃နှစ် (Boyzone) သေဆုံးခဲ့ပြီး ခံစား ကြေကွဲ လို့မှ မဆုံးသေးခင် နိုဝင်ဘာမှာ အသက် ၆၀ ရှိပြီဖြစ်တဲ့ သူ့ အဖေကို ဆုံးရှုံး ခဲ့ရ ပြန်ပါ တယ်။

အခုလို သူ့ ဖခင် ရုတ်တရက် သေဆုံးမှုကြောင့် " ငါတို့ဟာ ဘဝမှာ ရှေ့ဖြစ်တွေကို ရင်ဆိုင်ဖို့ရာ ဘယ်တော့မှ လုံလောက်တဲ့ ပြင်ဆင်မှုတွေ ရနိုင်မှာ မဟုတ်ဘူး " လို့ သူခံစားနေရကြောင်း၊ ဘာဆက်လုပ်ရမှန်း မသိအောင်ကို စိတ်နှလုံး ကြေကွဲ နေပေမဲ့ အကောင်းဆုံးဖြစ်အောင် ရှေ့ဆက်လျှောက်ဖို့ ကြိုးစားနေတဲ့ အကြောင်း ပြောခဲ့တာပါ။

အဲဒါကိုဖတ်ပြီး ကျမက ပြုံးနေမိခဲ့တာ....။ ကြည့်စမ်းပါအုံး ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ သေခြင်းတရားပါလိမ့်...။ အထင်မလွဲပါနဲ့လေ...လူတယောက်ရဲ့ ချစ်ခင်သူတွေနဲ့ သေခွဲ ခွဲရတာ၊ နှလုံးကြေကွဲရတာတွေကို ပြုံးနေနိုင်ရလောက် အောင် ကျမက နှလုံးသားမဲ့တဲ့ အနက်ရောင် မိန်းမဆိုး တယောက် မဟုတ်ပါ ဘူးရှင့်...။

ကျမ သူ့အပေါ် ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ သေခြင်းတရားရဲ့ သစ္စာရှိပုံကို ကျမ ပြုံးမိရတာ...။ ဟုတ်တယ်....။ သေခြင်းတရားက မျက်နှာကြီးရာ ဟင်းဖတ်မပါဘူး၊ နာမည်ကျော် တီးဝိုင်း အဖွဲ့သားမို့လို့၊ အဆိုတော်ရဲ့ ဖခင်မို့လို့....အဲဒီလို ပစားပေးမှုတွေ၊ ဘက်လိုက်မှုတွေ ရှိမနေဘူး။

ကျနော်က သမ္မတကြီးရဲ့ သားဗျ...ဆောရီးပဲ အချိန်ကျရင် သေပဲ...။ ကျမ သေဋ္ဌေး သမီးရှင့်...ကျမပိုင် ဥစ္စာတွေ တဝက်ခွဲ ပေးပါ့မယ်...နား နားပြီးပြော...ကလေးမ ...သနားတယ်။ ကျမက နာမည်ကျော် ပြည်သူက ချစ်တဲ့ ရွှေမင်းသမီး ရှင့် ...အေး..သေနေ့စေ့ရင် သေရမှာပဲ...။

ဒါပဲ... ကြည့်...ဘယ်လောက် သစ္စာရှိလိုက်သလဲ...။ ကျမတို့ အားလုံး သေခြင်းတရားလို ဖြောင့်မတ်မှန်ကန်နိုင်ကြပါ့မလား....။

ကျနော့် သားမက်ကလေး မို့လို့ဗျာ.......
ကျမ အမျိုးရှင့်...........
အို ကျနော်တို့ မြို့ကပဲ.........
ကျမတို့ တကျောင်းထဲ ထွက်တွေပေါ့.......

အဲဒါတွေ.....အဲဒါတွေနဲ့ပဲ.....အရည်အချင်း ဆိုတာတွေ လမ်းဘေးရောက်ကုန် ကြတယ်။ မျက်နှာတွေကို ငဲ့ကွက်လို့ နေရာ ယူထားကြမှတော့ အနှစ်မဲ့ခြင်းတွေ သာ ထွက်ကုန် အဖြစ် ရရှိခဲ့ကြတော့တယ်...။

ရှင်ဘုရင့်သား မို့လို့ ရှင်ဘုရင်ဖြစ်တာ ဆန်းတာမှ မဟုတ်တာ....ဒါပေမဲ့ အရည်အချင်းရှိဖို့တော့ လိုပေလိမ့်မယ်...။


ဘဝ အမောတွေ ပြေကြပါစေ....။

Wednesday, January 6, 2010

အမေ သို့.....

အမေ ပြောပြဖူးတဲ့ အမေ့သား အကြောင်းလေ...၊ သူ အစားမက်တာ၊ အကောင်းကြိုက်တာ၊ အမေ နဲ့ မိသားစုကို ချစ်တတ်တာ၊ အပေါင်းအသင်း မင်တာ စုံလို့ပါပဲ။ အမေကလေ အမေ့သား အကြောင်းများ ပြောနေရရင် မျက်နှာကိုက ပြုံးလို့ ချိုလို့၊ မောပဲ မမောနိုင်ဘူး။ အစ အနောက် သန်တဲ့ အမေ့သားက အမေ့ကို အမြဲ ပြုံးရယ်စေခဲ့တာ တဲ့ ။ အမေ အခု ပျင်းများ နေပြီလားဟင်....။

အစားကောင်းမက်တဲ့ အမေ့သား အတွက် ဟင်းမချက်တတ်တဲ့ မိန်းမနဲ့ ရရင်တော့ ငါ့သားကြီး ငတ်ရှာမှာလို့ အမေက တွေး ပူဖူးသတဲ့။ အမေ့သား ဓါတ်ပုံတွေ ကြည့်လို့ ဝဖြိုးပြီး စိုပြည်နေ တာတွေ့ရတဲ့ အခါမှာတော့ ဟင်းကောင်းကောင်း ချက်တတ်တဲ့ အမေ့ ချွေးမကြောင့် အမေ စိတ်သက်သာရာ ရကောင်းပါရဲ့နော်။ စိတ်ချပါ အမေ သူ့ကျမ်းမာရေး အတွက်လည်း သမီး အမြဲဂရုစိုက်ပါတယ်။ အစာလဲဆေး၊ ဆေးလဲအစာ လို့ ဆိုကြသမို့လား။

သူက ကျန်းမာရေး ကောင်းသူတို့ရဲ့ ထုံးစံအတိုင်း ဆေးသောက် သိတ်ပျင်းတာပဲ အမေရေ။ တခါတလေ သူဖျားတဲ့ အခါ ဆေး မသောက်ချင်ဘူး သိတ်ပေတာပဲ။ ဖျားရက်ကြီးနဲ့လဲ အလုပ်သွားချင်သေးတာ။

အမေ တို့က လူမချမ်းသာပေမဲ့ စိတ်ဓါတ် အရင်းခံ မဆင်းရဲပါဘူး သမီးရယ်...တဲ့။ သားသမီးတွေကို လူယဉ်ကျေးတွေ၊ ပညာတတ်တွေဖြစ်အောင် ထိန်းကျောင်း လမ်းပြခဲ့တယ်။ အမေနဲ့ အဖေ တို့ရဲ့ ချွေးနဲ့ စုဆောင်းထားတဲ့ စုဗူးကြီးဟာ တနှစ် တနှစ် ကျောင်းဖွင့်ချိန် ရောက်တိုင်း အမေ့ သားသမီးတွေ အတွက် ပညာအမွေ ပေးနိုင်အောင် လောက်ငှခဲ့ပါရဲ့...တဲ့။

ကျေးဇူးတင်ပါတယ် အမေရယ်။ အမေတို့ အဖေတို့ ရဲ့ ဆုံးမပဲ့ပြင်မှုအောက်မှာ သားကောင်း တယောက် ဖြစ်ခဲ့တဲ့ သူဟာ သမီးအတွက် လဲ ခင်ပွန်းကောင်း တယောက် ဖြစ်နေလို့ပါပဲ။

သမီး အပေါ်မှာ ဇနီးတယောက်လို အပြင် အမလို၊ ညီမလို၊ ရဲဘော်ရဲဘက် တယောက်လို တခါတလေ "ဇနီးလဲ ဒါပဲ ၊ သမီးလဲ ဒါပဲဗျ" လို့ မိတ်ဆွေတွေကို ပြောတတ်သေးတယ်။ တခါတလေတော့ဖြင့် အမေ့ကို သတိရလို့ ထင်ပါရဲ့ ကလေးတယောက်လိုပဲ သူ့ကို "ခွန့်ကျွေး" လို့ ချွဲတတ်ပြန်လေတယ်။ အဲဒီအခါကျ သမီးက မျက်စောင်းထိုးပြီး "ဝါးရော ကျွေးရအုံး မှာလား၊ ကလေးလား ဟင်" လို့ အငေါ်တူးတဲ့အခါ "ဒါပေါ့ဗျ အမေက သူ့သားကို ခုထိ ကလေးလို့ ထင်တုန်းဗျ" တဲ့လေ...။

ဟိုး...လွန်ခဲ့တဲ့ ၄၅ နှစ်တုန်းက အမေ သိတ် နာ ကျင် ခဲ့မှာပဲနော်။

သားဦးမွေးရတာ ၊ ပြီးတော့ ပထမ ၂ယောက် ဆုံးရှုံးထားခဲ့ရတဲ့ အတွေ့အကြုံနဲ့ ဆိုတော့...နာကျင်တာ အပြင် စိုးရိမ်တာရော၊ ကြောက်တာတွေရော ပေါင်းလို့...။ ဒါပေမဲ့ သားကြီးရဲ့ မျက်နှာမြင်ရတဲ့ အခါမှာတော့ အရာရာ မေ့ပျောက်လို့ သားမျက်နှာ ငွေလ ကြည့်မဝ၊ ချစ်မဝ ဖြစ်ခဲ့ရသတဲ့။

သမီး ပြန်မြင်ယောင်မိပါရဲ့....ရင်ခွင်ထဲက အနှီးဖြူဖြူ နဲ့ ထုတ်ထားတဲ့ မွေးစ သားယောင်္ကျား လူမမယ်လေးကို ချစ်မက်မဆုံး ပီတိတွေဖုံးလို့ ဆီးမိုးကြည့်နေမဲ့ မိန်းမငယ်လေး၊ ပြီးတော့ သားအတွက် အနာဂတ်ကိုတွေးလို့ ရင်ထဲမှာ ခြင်္သေ့တကောင်ရဲ့ ခွန်အားတွေနဲ့ ရဲရင့်နေမဲ့ မိန်းမငယ်လေး ၊ သားမွေးရတဲ့ နာကျင်မှုတွေ ပိန်းကြာဖက်ပေါ် ရေမတင်သလို ကင်းကွာလို့ မိခင်တို့ရဲ့ ကျက်သရေနဲ့ တောက်ပ ထိန်လင်းနေမဲ့ မိန်းမငယ်လေး.....။

အဝေးကနေ အမေ့ မွေးကျေးဇူးတွေ အမှတ်ရနေရင်း ကံ၃ပါးနှင့် ပြစ်မှားမိခဲ့တာများ ရှိခဲ့ရင် ရိုသေစွာ ကန်တော့လိုက်ပါရစေ...။

ကျေးဇူးပါ အမေ...အမေ့သားကြီးကို မွေးပေးခဲ့တဲ့ အတွက်၊ ပြီးတော့ သမီး အနားမှာ ကြည်ဖြူစွာ ရှိနေခွင့် ပေးခဲ့တဲ့ အတွက်ပါ.....။




ကိုကို့ မွေးနေ့ ၀၆-၀၁-၂၀၁၀ အမှတ်တရ.....

Sunday, January 3, 2010

ကရွတ်ခွေ အတွင်း လမ်းလျောက်ခြင်း

ငါ......
အားထုတ်မှု နှုံချာ
ညံ့ဖျင်းတဲ့ အခါများ
ကံဇာတာ ကွေ့ ကောက်
ချောက်ထဲလည်း ကျခဲ့ဖူး....။

နက္ခတ်ကောင်း ယှဉ်တဲ့ရက်တွေဆို
မိုးယံဖျားတက် ပျံလွှားငှက် တကောင်လို
တိမ်ညွန့် ခူးစား...
မော်ကြွားဖူးခဲ့ တာလဲ ရှိပေါ့...။

ဒါပါပဲ...သူငယ်ချင်း......

အနိမ့်ရှိရင် အမြင့်ရှိ...
အတက်ရှိရင် အကျရှိ...
အစရှိရင် အဆုံးရှိ...
မွေးဖွားခြင်းရှိရင် သေဆုံးခြင်းလည်း ရှိသတဲ့...။

ဗုံလုံ နဲ့ ငါးပျံ
တလှည့်စီ ကံစမ်း ကြတဲ့အခါ
အမှန်လမ်း ရောက်တာ ရှိသလို
အဆန်လမ်း ပျောက်တဲ့ အခါလဲရှိရဲ့...။

ဒါပေမဲ့ သူငယ်ချင်း.....

ပြောင်းလဲခြင်းတွေသာ မပြောင်းမလဲ ရှိနေတဲ့
ဖောက်လွဲ ဖောက်ပြန် လောကဓံ
သူ့ဟန် သူ့မူ သူ့ဇာတ်ထုပ် သူခင်းရဲ့.....

ဒီလိုနဲ့ ပဲ တမိုးချုပ်တနေဝင်
ရာသီခွင် လည်ပတ်
ပဋိစ္စသမုပ္ပါဒ် မပြတ် မချင်းတော့
သံသရာ ကရွတ်ခွေ အတွင်း.....
လည်စင်းလို့ လျောက်ရပေအုံးမယ်...။


ဘဝ အမောတွေ ပြေကြပါစေ....။

Friday, January 1, 2010

နှစ်သစ် ၊ နေ့သစ် ၊ နှလုံးသားအသစ် ၊ အချစ်သစ် နဲ့ အဖွားကြီး....

မနေ့ညကတော့ အဖိုးကြီး နဲ့ အဖွားကြီးတို့ နှစ်ယောက် ညစာ အတွက် ကြိုတင်ချိန်းဆိုထားမှု တခုကြောင့် အောချတ်လမ်းကို ရောက်ခဲ့ကြတယ် ။
အို....ကြည့်စမ်းပါအုံး....ပြင်းထန်တဲ့ လှိုင်းလို အလျဉ်နဲ့ မြစ်ပြင်နဲ့တူတဲ့ လူရောင်စုံတွေ ၂၀၁၀ ဆိုတဲ့ ပင်လယ်ပြင် အသစ်ကြီးရဲ့ ရင်ခွင်ဆီ စီးဆင်းဖို့ အသင့်ဖြစ်နေကြလေရဲ့ ။

အောချတ် လမ်းမကြီးဟာ တောက်ပသစ်လွင်တဲ့ ၊ ပျိုမြစ်တက်ကြွတဲ့ ၊ မာနကြီး အပျိုရိုင်းမ တယောက်ရဲ့ ထင်ရာစိုင်းတော့မဲ့ မာဆတ်ဆတ် အပြုံးနဲ့၊ မီးရောင်စုံအောက်မှာ သူမရဲ့ ချပ်ဝတ်တန်ဆာတွေကို ဖြန့်ကျက် ၊ အတောင်ပံတွေ ယှက်ဖွင့် ၊ ရင်ခွင်ကို အစွမ်းကုန် လှစ်ဟလို့ လာသမျှတွေရဲ့ အသည်းနှလုံးကို မြိန်ရှက်စွာ စားသုံးလို့...။ လူတွေ အားလုံးဟာ သူမရဲ့ မာယာ ၊ သူမရဲ့ ဖမ်းစားမှုအောက် သူမရဲ့ ရင်ခွင် အစုံပေါ် နင်းလျှောက်လို့ ၊ တေးသွားအလိုက် ကခုန်လို့ ၊တိမ်းမူး ရူးသွပ်စွာ အော်ဟစ်လို့ အသစ် ဆိုတာကို မိမိရရ ဖမ်းဆုတ်ဖို့ တပျော်တပါး ရင်ခုန်နေကြလေရဲ့...။

အဖိုးကြီး နဲ့ အဖွားကြီး ရဲ့ မျက်လုံးထဲမှာ တချိန်က တက်ကြွ နုပျိုခြင်းတွေနဲ့ ဒီနေရာမှာ ရှိခဲ့ဖူးတဲ့ သူတို့ရဲ့ နေ့ရက်၊ အချိန်တွေကို ပြန်မြင်ယောင်လာခဲ့ ကြတယ်

အဖိုးကြီး နဲ့ အဖွားကြီးဟာ တယောက်လက် တယောက် တင်းတင်း ဆုတ်ကိုင်ရင်း၊ လူအုပ်ကြီးရဲ့ အလယ် တောကျီးကန်းလေး နှစ်ကောင်လို ဟိုဒီ ငေးမောရင်း အလိုက်တသင့် စီးမျောနေခဲ့ကြတယ် ။ တကယ်ဆို နှစ်ယောက်လုံး အလုပ်ထဲမှာ တနေကုန် ပင်ပန်း နွမ်းလျ နေခဲ့ကြတာ...အရွယ် ကလည်း စကားပြောလာပြီကိုး...။ ရုတ်တရက် လူအုပ်ကြီးကို ကျောခိုင်းလို့ ၊ ဆန့်ကျင်ဘက်ကို ခြေဦးလှည့်ရင်း အသင့်တွေ့တဲ့ အငှားကား တစီး ပေါ်တက် ၊ အောချတ်ကို နှုတ်ဆက် ၊ ၂၀၀၉ ကို နောက်ဆုံး အကြိမ် ပွေ့ဖက်လို့....သူတို့ပြန်ခဲ့ကြတယ် ။

အိမ်ပြန်ရောက်တော့ နှစ်ယောက်သား ခဏ အမောဖြေကြတယ်။ အကျင့်ပါနေတဲ့ လက်တွေက TV ကိုဖွင့်လိုက်တော့ အသစ် အသစ် တို့ရဲ့ ထုံးစံ အတိုင်း တခမ်းတနား အကြိုခံနေရတဲ့ ၂၀၁၀ ကို TV ထဲမှာတွေ့ရပြန်တယ် ။ သူမတို့ နှစ်ယောက်ကတော့ မကြာခင်မှာ ထားခဲ့ရတော့မဲ့ ၂၀၀၉ ကို ဝမ်းနဲစကား ဆိုချင်နေသေးတယ် ။ တကယ်ကို ပင်ပန်းလွန်းလှပြီ ။ သူမတို့ နှစ်ယောက်လုံး အိပ်စက်သင့်နေပြီ။ ၁၂ နာရီက ထိုးတော့မယ် , သူမတို့ နှစ်ယောက်လုံး TV ကိုပိတ် ၊ ဖုန်းတွေကို ပိတ်ဖို့လည်း မမေ့ခဲ့ကြဘူး။ နှစ်သစ် တခုကို ခွန်အား အပြည့်နဲ့ ရင်ဆိုင်ဖို့ ဒီညတော့ ငါတို့ နှစ်ခြိုက်စွာ အိပ်စက် ပါရစေ တော့ကွယ်...။

နောက်တနေ့ မနက် ...နေ့ရက်တခုရဲ့ အစ ၊ နှစ်သစ်တခုရဲ့ ငုံဖူးစ သူတို့ နှစ်ယောက် လန်းဆန်းစွာ နိုးထခဲ့ကြတယ်။ အဖိုးကြီးက အဖွားကြီးရဲ့ မျက်နှာကို ပြုံးရင်း ကြည့်လို့...နဖူးလေးပေါ် ညင်သာစွာ နမ်းရှိုက်ရင်း တိုးတိုးလေးပြောတယ် " Happy New Year Honey " တဲ့ ....။ ဒီအဖိုးကြီး ကလက်တက်တက် နဲ့ ဘာကြောင်မှန်းမသိ လို့....အဖွားကြီး စိတ်ထဲက ကြိတ်တွေးတယ်။ အံ့ဩလွန်းစွာပဲ သူမရဲ့ ရင်ခုန်သံ တိုးမျှင်မျှင်လေး သူမဘာသာ ပြန်ကြား လိုက်ရတယ်။

ရှက်တက်တက်နဲ့ အဖွားကြီးက အဖိုးကြီး ရင်ခွင်ကြား ပါးလေးအပ်လို့ နားထောင် ကြည့်မိတော့ တဒုတ်ဒုတ် ခုန်နေတဲ့ အဖိုးကြီးရဲ့ ရင်ခုန်သံတွေ...။ အဖိုးကြီးက အဟောင်းကြီး....ဒါပေမဲ့ အချစ် အသစ် ၊ ရင်ခုန်သံ အသစ်တွေနဲ့....။ ပန်းနုရောင် မျက်နှာနဲ့ အဖွားကြီးက အဖိုးကြီးရဲ့ နားသယ်စပ်က ဆံပင်မွှေး ဖြူဖြူလေးတွေကို ကိုင်ကြည့်ရင်း အဖိုးကြီးရဲ့ ပါးပြင်ပေါ် ဖွဖွလေး မွှေးလို့ " မင်္ဂလာရှိသော နေ့သစ်ပါ ကိုကို " လို့ အရှက်မျက်နှာကို ဖွက်ရင်း နူးညံ့စွာ ပြန်ပြောလိုက်တယ်...။

သူတို့နှစ်ယောက် တယောက် နဲ့ တယောက် ပြုံးကြည့်နေရင်း နှစ်သစ်မှာ ရင်ခုန်သံ အသစ် ၊ အချစ် အသစ်တွေ ရှာဖွေ တွေ့ရှိ သွားခဲ့ကြလေရဲ့....။


မောင်နှမတွေ အားလုံး နှစ်သစ်မှာ လိုရာဆန္ဒ ပြည့်ဝကြပါစေ....။