Thursday, December 24, 2009

အလှူ ဒါန ပြုကြသည် ဆိုရာဝယ်...

"နင့်အသက် တခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်"

ကျမတို့ ငယ်ငယ်က ငှက်လွှတ်၊ ငါးလွှတ်ကြတဲ့ အခါ ပြောလေ့ရှိကြတဲ့ စကား လေး...ခု အသေအချာ ပြန်စဉ်းစား ကြည့်မိတဲ့ အခါ အတော်ကလေး ရယ်စရာ ဖြစ်နေတာ...။

ဘယ့်နှယ် သူ့ တော့ တခါလွှတ်ပြီး ကိုယ့်ကျတော့ ဆယ်ခါ လွှတ်ရမယ် လို့ ၊ ဘေးမဲ့လွှတ်တဲ့ ဇီဝိတ ဒါန မြတ်တဲ့ အလှူပါပဲ၊ ဒါပေမဲ့ လောဘလေး တန်းလန်းနဲ့ လှူတဲ့ အလှူ ဖြစ်နေခဲ့တယ်၊ ကိုယ်က ၉ ခါ အမြတ် ပြန်ရဖို့ တွက်ပြီး လှူထား တာကိုး...။

တကယ်ဆိုရင် အရင်ဆုံး လှောင်ချိုင့်ထဲက ငှက်ကလေးရဲ့ နေရာမှာ ကိုယ်ချင်းစာ စိတ်ကလေးနဲ့ ခဏ ဝင်ကြည့်ရမှာ ၊ ခမျာ တကယ်ပဲ ကျဉ်းကြပ် နေပါလား၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရှာမှာ ၊ သူလဲပဲ လွတ်လပ်စွာ ပျံသန်း ချင် ရှာလိမ့်မပေါ့၊ ငါသာ ဆိုရင်ရော ဘယ်လိုများ ခံစား ရမှာပါလိမ့်၊ သူ့ကို လွှတ်လိုက် ရင်ဖြင့် သူ ပျော်ရှာမှာ...။

အဲဒီလို...ငှက်ကလေး အပေါ် ချမ်းသာစေချင်တဲ့ စိတ်လေး ထားပြီး တကယ် လွှတ်လိုက်တဲ့ အခါမှာလည်း ဟိုးကောင်းကင်ကြီးထဲ လွတ်လပ်စွာ တဟုန်ထိုး ပျံသွားတဲ့ ငှက်ကလေးရဲ့ ပျော်ရွှင်မှုလေး ၊ အဲဒါလေးကို ရင်ထဲ ကူးစက်လို့ ငှက်ကလေး နဲ့ အတူ ခံစား ပေးရမှာ...။

ဘာကိုပဲ လှူလှူ ၊ ကိုယ်လှူလိုက်လို့ အလှူခံပဂ္ဂိုလ် ရရှိမဲ့ ချမ်းသာမှုလေးကို ပီတိလေးနဲ့ ခံစားပြီး ဝမ်းမြောက်လို့ ၊ မိမိ ရင်ထဲ အအေးဓါတ် လေး ကိန်းနေပါစေ။

ပြီးတဲ့အခါ ဘာဝနာ ကုသိုလ်လေး ထည့်လို့ ဪ သူလဲ မမြဲတဲ့ အနိစ္စ၊ ကိုယ်လဲ မမြဲတဲ့ အနိစ္စ၊ အဲဒီလိုလေး ဆင်ခြင်လိုက်မယ် ဆိုရင် ပိုပြီး အကျိုးများ သွားတော့တာ...။

သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းတဲ့ အခါမှာလည်း လှူဖို့အတွက် ဆွမ်းချက်၊ ဆွမ်းပြင်တဲ့ အခါ ဒီဆွမ်းလေး ဘုန်းပေးရခြင်းကြောင့် သံဃာတော်တွေ ရှေ့ဆက် သာသနာ့ အကျိုး သယ်ပိုးနိုင်တော့မဲ့ အရေးတွေးလို့ ပီတိလေးနဲ့ ဝမ်းသာနေရမှာ ၊ ပြီးမှ အလှူခံ ပုဂ္ဂိုလ်သည် လဲ မမြဲ၊ လှုဒါန်းသော ပုဂ္ဂိုလ်သည်လဲ မမြဲ ရယ်လို့ အနိစ္စ သဘောလေးလည်း ဆင်ခြင်လိုက် နိုင်မယ် ဆိုရင် အင်မတန် အကျိုးများတဲ့ အလှူ ဖြစ်သွားပါတယ်။

ဒါတွေက မလှူခင် နဲ့ လှူနေစဉ် ထားရမဲ့ စိတ်လေးပါ။ လှူပြီးတဲ့ အခါမှာလည်း ကြုံလိုက်တိုင်း ဒီအလှူလေးပြန် စဉ်းစားရင်း ဝမ်းမြောက် ပီတိလေး ဖြစ်နေရမှာ...။ ဒါဆိုရင် သုံးတန်စေတနာ ပြဌာန်းပြီး လှူထားတဲ့ အတွက် အင်မတန် ပြီးပြည့်စုံတဲ့ အလှူလေး ဖြစ်သွားပြီပေါ့ ။

ကိုယ့်ဘက်ကသာ ဖြူစင် သန့်ရှင်းတဲ့ စိတ်ထားနဲ့ ဘာမှ တုံ့ပြန် အကျိုး မမျှော်ကိုးပဲနဲ့ လှူဒါန်းပါ ၊ ဆုတွေ ဘာတွေ တောင်းနေစရာ မလိုပါဘူး ၊ အကျိုးပေးက သူ့ဘာသာ အော်တို လာပါ လိမ့် မယ်။ မန္တလေး သွားတဲ့ ကား စီးမှတော့ မန္တလေး ရောက်ရမပေါ့။

အဲဒီလို မဟုတ်လို့ ဆုတောင်းချင် လှချည်ရဲ့ ဆိုရင်လဲ တောင်းပေါ့လေ။ ကျမကတော့ နိဗ္ဗာန်ဆုပဲ တောင်း စေ ချင်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်က တောင်းယူ လို့ မရ ၊ တကယ် အလုပ် လုပ်မှ ရမယ် ဆိုတာတော့ သတိချပ် ကြစေချင်ပါတယ်။ ဤအလှူသည် နိဗ္ဗာန်၏ အထောက် အပံ့ ဖြစ်ပါစေ လို့ ဆုတောင်းတာက ပိုပြီး အဓိပ္ပါယ် ရှိပါတယ်။

လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ တွေ ဆုတောင်းနေစရာ မလိုပါဘူး။ နိဗ္ဗာန် ချမ်းသာ ကိုသာ အာရုံပြုပြီး လှူပါ။ မန္တလေး လက်မှတ် ဖြတ် ထားတဲ့ သူဟာ လမ်းမှာ တောင်ငူတို့ ပျဉ်းမနားတို့ မရောက်မှာ ပူနေစရာမှ မလိုအပ် ပဲလေ...။

လှူဒါန်းတတ် ဆုတောင်းတတ်ကြပါစေ...။




*** ညီမလေး တယောက်က ပြောလာပါတယ်။ ဒါန၊ သီလ၊ ဘာဝနာ မှာ အမက ဘာဝနာကို တန်းရေးတာကိုး တဲ့၊ ဒါန နဲ့ သီလ အခြေခံလေး အရင်ရေးပေးပါအုံး အမရယ် လို့ ဆိုလာတယ်။ ပြီးတော့ မနက်ဖန် မောင်ရီနိုတို့ရဲ့ စုပေါင်း အလှူလေး အကြောင်းကလဲ ခေါင်းထဲ ရှိနေတာကြောင့် ဒီပို့စ်လေး ထပ်ရေးဖြစ်ပါတယ်။ သိပြီးသူများလဲ ရှိကြမှာပါ၊ ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေး ဖတ်မိလို့ အသိလေး တခု တိုးသွားတယ် ဆိုရင်ပဲ ကျမ ဝမ်းသာရမှာပါ...။

7 comments:

reenoemann said...

အမရေ

ညကမအားလိုက်လို့ ခုမှ လာဖတ်ရတယ်။

စိတ်ထဲမှာ အကြည်လင်ဆုံး ဖြစ်နေပါတယ်။

မှတ်သားသွားပါတယ်ဗျာ

ဝေလင်း said...

မထင်မှတ်ပဲလှူဖြစ်သွားတဲ့၊ လုပ်ဖြစ်သွားတဲ့ကောင်းမှုကလွဲရင်.. စိတ်သန့်သန့်နဲ့လှူဖို့ရာတော်တော်ခက်တာ အစ်မရ။ မထင်မှတ်ပဲ မျှော်လင့်ချက်လေးတွေ ပါပါသွားတတ်လို့..။ အစ်မပြောသလိုပဲ စိတ်ဖြူဖြူထားပြီးလှူတာအကောင်းဆုံးပါပဲ..

သက်ဝေ said...

ဆုတောင်းတတ်အောင် ပြောပြပေးတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ...
ပျော်ရွှင်ဖွယ်ရာကောင်းသော ပိတ်ရက်များ ဖြစ်ပါစေ...

pandora said...

တွေးပုံရေးပုံလေးကို နှစ်သက်မိပါတယ်။

မောင်ဘကြိုင် said...

ကိုဝေလင်းပြောသလိုပဲဗျာ တခါတခါ လှူပြီး ရမှာကို မျှော်လင့်နေမိတဲ့
ကိုယ့်ကိုယ်ကိုယ် မကျေနပ်ဖူး

~ဏီလင်းညို~ said...

မအေးရေ...
ဖတ်ရတာ တစ်ကယ့်ကိုကျေးဇူးပါ...။ အော်တိုအကျိုးပေးတယ်ဆိုတာ ကျွန်တော်လည်းလက်ခံထားမိတာပါဗျာ...။
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

တန်ဖိုးရှိလိုက်တဲ့ပို့စ်လေး..
ိသီလ၀ိသုဒ္ဓိအကြောင်းလေးရေးပါဦး မမ..
မျှော်နေမယ်နော်

လေးစားချစ်ခင်တဲ့
ပန်းချီး)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်