Wednesday, December 23, 2009

ဒိဋ္ဌိ ကင်းစင်ကြစေချင်ပါသည်

တချို့ ပြောလေ့ရှိသည်၊ ငါသေရင် ဒီ အထုတ် ကလေးပဲ ငါ့နောက်ပါမှာ ဟူ၍....။
ကောင်းတာ လုပ်မှ ကောင်းတာ ခံစားရမည် ဟု သံသရာ ခရီးသည် ပီပီ ဆိုလိုရင်း ဖြစ်ပါလိမ့်မည် ။ မှားသည်ဟု မဆိုလိုပါ ။ သမုတိသစ္စာ (လောကသုံး အမှန်တရား) အရ မှန်ကောင်း မှန်ပါလိမ့်မည်။

ဤတွင် သမုတိသစ္စာ (လောကသုံး အမှန်တရား) အရ ငါ, နင်, သူ ဟူသော နာမ်စားများ မသုံးမဖြစ် သုံးရသော်လည်း တရားသဘော အရ သေချာစွာ သုံးသပ်လျှင် ဤစကား၏ အနက် မည်မျှလောက် တာသွားသည်ကို သိစေချင်ပါသည်။

ဤစကားစု ကို တရားသဘော နှင့် ခွဲခြမ်း စိတ်ဖြာကြည့်လျှင် ကပ်ငြိ နေသော ဒိဋ္ဌိ ၂ မျိုး ကို အထင် အရှား တွေ့ရပေမည်။

က) ငါ , ငါ့နောက် ဟူသော ( ရုပ်-နာမ် ခန္ဓာ အစု အပေါ် ငါဟု မှားယွင်းစွာ သိမြင်မှု) သက္ကာရ ဒိဋ္ဌိ နှင့် ယခု ဘဝ၌ ငါပြုသော အမှုသည် နောက်ဘဝ၌လည်း ငါ့နောက် လိုက်ပါ၍ ငါပဲ ခံစားမည် ဟု ဆိုလိုခြင်း ဖြစ်ရာ (ငါ သို့မဟုတ် ရုပ်-နာမ် သည် မြဲ၏) ဟူသော တဿတ ဒိဋ္ဌိ တို့ စွန်းထင်းလျက် ရှိနေပေသည်။

ဥပမာလေး တခုနှင့် ရှင်းပြလိုပါသည်။

မောင်ဘသည် တခြားနိုင်ငံ တခု၌ နေထိုင်သော မောင်လှ ထံသို့ ဒေါ်လာငွေ ၅၀၀၀ (၁၀၀တန် အရွက် ၅၀) ဘဏ်မှတဆင့် ပို့သည် ဆိုကြပါစို့။ နောက်တရက် အကြာတွင် မောင်လှ ငွေ ၅၀၀၀ လက်ခံရရှိရာ အရွက် အရေ အတွက်မှာ တထောင်တန် ၅ ရွက် ဖြစ်ပါသည်။

ဤသည်ကို ကြည့်လျှင် ဒေါ်လာငွေ ၅၀၀၀ ချင်း တူသော်လည်း ငွေ အရွက်ရေချင်း မတူ သီးခြားစီ ဖြစ်သည်ကို တွေ့ရပါမည်။

ဤနည်း အတိုင်းပါပေ။

မိမိတို့ သေဆုံးခဲ့သော် ယခု လက်ရှိဘဝ၏ ရုပ်-နာမ် အစုသည် ပျက်စီး ချုပ်ငြိမ်း၍ နောက် ဘ၀တခုအတွက် ရုပ်အသစ် နာမ်အသစ် ဖြစ်ပေါ်ပါသည်။ ဒေါ်လာငွေ ၅၀၀၀ ချင်း တူသော်လည်း ငွေ အရွက်ရေချင်း မတူ သီးခြားစီ ဖြစ် သကဲ့သို့ ရုပ်-နာမ် ချင်းသာ တူသော်လည်း တသီး တခြားစီ ဖြစ်သည်ကို သတိပြုပါ။

ဤဥပမာဖြင့် ဒီဘဝလည်း ငါ , နောက်ဘ၀လည်း ငါ ဟုစွဲသော (တဿတ ဒိဋ္ဌိ) အစွဲ ကို လွှတ်ချ၍ ရပြီထင်ပါသည်။

ခ) တချို့ကမူ ဒီဘဝ ပြီးရင်ပြတ်ပြီ ၊ နောက်ဘဝ အကျိုးပေးစရာ မရှိ ဟူသော ဥစ္ဆေဒ ဒိဋ္ဌိ စွဲကပ်မှတ်ယူ၍ ပျော် ပျော် ကြီး နေသွားတတ်ကြသည်။

အထက်၌ ဥပမာ ပေးခဲ့ သလို သေဆုံး ပြီးနောက် ရုပ်-နာမ် တို့ ပျက်စီး ချုပ်ငြိမ်း သော်လည်း အကျိုးပေး မပြတ်ပုံကို ဆက်၍ ရှင်းပါမည် ။

မောင်ဘမှ ငွေ ၅၀၀၀ ပို့ခြင်းတည်း ဟူသော အကြောင်းကြောင့် မောင်လှ၌ ငွေ ၅၀၀၀ လက်ခံ ရရှိခြင်းတည်း ဟူသော အကျိုး ဖြစ်ပေါ် ပေသည်။

ထိုနည်းတူစွာ ယခု ဘဝ၌ ပြုခဲ့သော အကြောင်း တို့ ကြောင့် နောက်ဘဝတွင် တူသော အကျိုး တို့ကို ခံစား ရမည်။

ကောင်းသော အကြောင်းအတွက် ကောင်းကျိုး စံစားရမည်ဖြစ်၍ ဆိုးသော အကြောင်း အတွက်ကိုမူကား ဆိုးကျိုး ကိုသာ ခံစား ရမည်မှာ သေချာ နေပေသည်။

ထိုသို့လျင် သေဆုံးပြီးသော် အကျိုး အကြောင်းတို့ မပြတ်ပုံကို ဆင်ခြင်၍ ဥစ္ဆေဒ ဒိဋ္ဌိမှ ကင်းစင် စေရာ၏ ။

အနှစ်ချုပ်ရသော် သေဆုံးပြီးနောက် ယခုလက်ရှိ ရုပ်-နာမ် တို့ ပျက်စီး ချုပ်ငြိမ်း၍ နောက် ဘဝ အတွက် ရုပ်-နာမ်တို့ တဖန် အသစ် ဖြစ်ပေါ်ကာ ပြုလုပ်ခဲ့သော အကြောင်း အကောင်း အဆိုး တို့သည်ကား အရိပ်ပမာ ထပ်ချပ်မကွာ လိုက်ပါလျက် အခွင့် သာသည်နှင့် အကျိုးပေး လေသည် ဟူ၍ မှတ်ယူ ကြရပေမည်။

မှတ်ချက် : ဤသည်မှာ သုတမယဥာဏ် (ဖတ်ရှု ကြားနာ ၍ သိအပ်သော ဥာဏ်) ဖြင့် တဒင်္ဂ ဒိဋ္ဌိ ပယ်ခွာခြင်း ဖြစ်ရာ တရား အားထုတ် တကယ်တမ်း အလုပ်လုပ်မှသာ အပြီးသတ် ခွာချ နိုင်မည် ဖြစ်ပေသည် ။

မြတ်သော မဂ္ဂင် ဖောင်စီး၍ နိဗ္ဗာန် တဖက်ကမ်း သို့ အရောက်လှမ်းနိုင် ကြပါစေ....




***သက္ကာရ ဒိဌိ အကြောင်း အကျယ်ကို သပ်သပ် စာစုတခု ထပ်ရေးပါမည်....။

4 comments:

  1. သာဓု သာဓု ..သူငယ်ချင်းရေ ဘလော့အိမ်လေးပြစ်ထားပြီး ရိပ်သာလည်း ၀င်မသွားနဲ့ အုန်းနော် လွမ်းနေရလိမ့်မယ်

    ReplyDelete
  2. ဘာသာရေးကို စိတ်မ၀င်စားလို့မဟုတ်ပေမယ့် ကျကျနနမလုပ်ဖြစ်တာတော့ အမှန်ပဲ အစ်မရ။ ဘာသာရေးနဲ့ပတ်သက်တဲ့အသိတွေအားလုံးက သညာသိပဲရှိနေသေးပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့စာတွေကို အတွေးအခေါ် ဒဿနစာအဖြစ်လောက်ပဲ သဘောထားပြီး ဖတ်ဖြစ်တယ်။ ဘယ်အချိန်မှ လက်တွေ့ထဲကို ကူးနိုင်မလဲမသိသေးဘူး။ မရင့်ကျက်သေးတာလည်း ပါမှာပေါ့။ အစ်မပြောသလို တကယ်လုပ်မှ ရမှာသိပေမယ့် တကယ်လုပ်ဖြစ်လောက်တဲ့ လှုံ့ဆော်မှုမျိုး စိတ်ထဲမှာ မပေါ်နိုင်သေးတာကပဲ ကျွန်တော့်ရဲ့ ပါရမီနည်းပါးမှုနဲ့ တူပါရဲ့။ အစ်မက ငါစွဲနဲ့ပတ်သက်ပြီးမှပြောတော့ ကျွန်တော့်အဖွားကို သတိရမိတယ်။ အဖွားဆိုတော့ အသက်လည်းကြီးပြီဆိုတော့ ဘာသာတရား လိုက်စားပါတယ်။ တရားရိပ်သာတွေဝင်..အလှူအတန်းတွေလုပ်ပေါ့။ နောက်နေ့တိုင်း မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဘုရားရှိခိုးပါတယ်။ ဘုရား`၇ှိခိုးတိုင်းလည်း အမျှဝေလေ့ရှိတယ် အစ်မရဲ့။ အဖွားအမျှဝေရင် ကျွန်တော်သိပ်အမြင်ကတ်တာပဲ( အဖွားကိုမဟုတ်ပါဘူး၊ အမျှဝေပုံဝေနည်းကိုပါ။အဖွားကိုတော့ချစ်ပါတယ်။)ဆုံးသွားတဲ့သူ့ယောက်ျားကနေ နောက်ဆုံးမြေးတွေထိ အမျှဝေပါတယ်။ ဘာတွေအမျှဝေလည်းဆိုတော့ သူတစ်လျှောက်လုံးလုပ်ခဲ့တဲ့ ဂယာကို ဘုရားဖူးသွားတာကအစ အလှူခံထည့်တာအဆုံးတစ်ခုမကျန်ရွတ်တာလေ။ ခုအစ်မရေးမှပဲ ဒါဟာ ဒိဋ္ဌိမစင်သေးလို့ပါလားလို့ သဘောပေါက်ပါတယ်။ ငါပြုခဲ့တဲ့ကောင်းမှု၊ ငါပိုင်ပစ္စည်းလို့ သဘောထားနေလို့ပဲလို့ သဘောပေါက်သွားတယ်...။
    ကျေးဇူးပါပဲအစ်မရေ..ဘာသာရေးပို့စ်ထဲ အတင်းဝင်ပြောသလိုတော့ဖြစ်နေပြီ...တွေးမိတာလေးသက်သက်ပါ။ မကောင်းဘူးထင်ရင် ဖျက်ပစ်လိုက်နော်အစ်မ..

    ReplyDelete
  3. ပို့စ်ကောင်းလေးပါ အစ်မရေ
    ကိုယ်တိုင်လိုက်ကျင့်ကြံနိုင်ဖို့တော့ကြိုးစားရအုံးမယ်ဗျာ
    အခုထိ ကျွန်တော် လည်တယ်တယ်ဖြစ်တုန်းပါ
း)

    ReplyDelete
  4. မချစ်ကြည်အေးရေ ဥပမာပေးထားတာလေး သိပ်ကောင်းပါတယ်။ စာကောင်းလေးတပုဒ်ပါပဲ။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...