Wednesday, December 9, 2009

ကျမနှင့် ခွေး ၃ ကောင် ဇာတ်လမ်း

တကယ်ဆို ပြောကို မပြောချင်ပါဘူး ။ ဒါပေမဲ့လည်း ပြောကို ပြောရပါအုံးမယ် ။

တနေ့က ကျမ ရုံး ဖယ်ရီ လွတ်သွားလို့ ရုံးကို ဘတ်စ်နဲ့ သွားခဲ့ရတယ် ။ ကျမ အိမ်နဲ့ ရုံးက ၄ မှတ်တိုင်လောက်ပဲ စီးရတာမို့ ၁၀ မိနစ်တောင် မကြာလိုက်ပဲ ဆင်းရမဲ့ မှတ်တိုင် ရောက်ခဲ့ပါတယ် ။ မှတ်တိုင်ရောက်တော့ ကားပေါ်ကဆင်း ၊ မီးပွိုင့်ကနေ တဖက်လမ်းကို ဖြတ်ကူး ပြီးတာနဲ့ လမ်းတိုကလေးရဲ့ ထိပ်ကို ရောက်ပါတယ် ။ ၂လမ်းမောင်းကျယ်ပြီး လမ်းမီးဓါတ်တိုင် ၅ တိုင်တပ်စာ လောက် ရှည်ပါတယ်။ အဲဒီလမ်း အဆုံး ဘယ်ဘက်ချိုးတာနဲ့ ကျမတို့ ရုံး ပေါ့ ။

လမ်းတိုကလေး စ လျောက်လို့ ခြေလှမ်း လေး ငါး ဆယ်လှမ်းလောက် လျောက်ပြီးရင်ပဲ ကျမရဲ့ မျက်လုံး အစုံက လမ်း အဆုံးနားက ခွေး ၃ ကောင်ကို သွားမြင်မိပါတယ်။ အဲဒီခွေး ၃ကောင်ဟာ တကောင် အမြီး တကောင်ကိုက်လိုက်၊ ခေါင်းပေါ်ခုန်တက်လိုက်၊ ၃ ကောင် ပတ်လည်ပြေးလိုက်ကြနဲ့ ဆော့နေသလိုလို၊ ရန်ဖြစ်နေကြသလိုလိုပါ ။

ကျမလဲ ခွေးကြောက်သူမို့ သူတို့နဲ့ လွတ်ရာ လွတ်ကြောင်း ညာဖက် ပလက်ဖောင်း ကူးပြီး ဆက်လျောက်ပါ တယ် ။ နောက်ထပ်ရှေ့ကို ၁၀လှမ်းလောက် လှမ်းပြီးရုံရှိသေး အဲဒီခွေး၃ကောင် ပြေးလွှားရင်း ညာဖက် ပလက်ဖောင်းပေါ်ကို ရောက်လာကြ ပြန် ပါတယ် ။

ဒါနဲ့ ကျမလဲ ဘယ်ဖက် ပလက်ဖောင်းပြန်ကူး၊ သူတို့ ကလဲ လိုက်ကူးလာ၊ ကျမ ညာဖက်ပလက်ဖောင်းပြန်ကူး ၊ သူတို့ ကလဲ လိုက်ကူး နဲ့....

ကျမ နဲ့ အဲဒီခွေး ၃ကောင်ဟာ လမ်းပေါ်မှာ တော်တော်ကြီးကို ဘရုတ်သုတ်ခ ဖြစ်နေတာပါ ။

ဘယ် ညာပလက်ဖောင်းကို ဇစ်-ဇက် ပုံ ၄ ခေါက်လောက် ဖြတ်ကူး အပြီးမှာတော့ ကျမ လဲ တော်တော် ညစ်လာပါတယ် ။ ဒီခွေးမသား ၃ ကောင် သွေးရိုးသားရိုးမှ ဟုတ်ပါလေစ လို့တောင်တွေးမိရပါတယ် ။

အဲဒီ ၃ကောင်နဲ့ ကျမ ၂လံ တောင် မကွာတော့ပါဘူး ။ ကျမကဖြင့် ဂိုက်ပေးက ကြမ်းကြမ်းနဲ့ စကော်ပီယံ ဂိုဏ်းသားလိုလို၊ မာဖီးယား ဂိုင်းဝင်လိုလို ဆိုတော့ကာ...။ မသကာ ခွေးလိုက်ဆွဲ ရင်တောင်မှ "ကိုက်တာ အပြစ်လား...ဟာ ဟာ့ ဟာ....." လို့ ဆိုရလောက်အောင် ခွေး အပြစ်တော့ မဟုတ်ပါလေ ။

ဒါပေမဲ့ လည်း ဒီအရွယ်ကြီးကျကာမှ ဆေး၁၄လုံး ချက်မှာ ထိုးခံရရင်ဖြင့် မဟန်သေးဘူး မဟုတ်လား ။

ဘေးဘီ အကဲခတ်ရင်း အသာလေး နောက်လှည့်ကြည့်တော့မှ ကျမနဲ့ ခြေလှမ်း ၁၀ လှမ်း လောက် အကွာမှာ တရုတ်အမျိုးသား တယောက် တွေ့မိပါတယ် ။ ဒါနဲ့ ခဏလေးရပ်ရင်း ကျမ ဘေးနားရောက် လာအောင် စောင့်နေလိုက်ပါတယ် ။

"တဆိတ်လောက်ရှင် ကျမ ရှင့် ဘေးနားကနေ လိုက်လျောက်ပါရစေနော်"

ယဉ်ကျေးစွာနဲ့ ခွင့် တောင်းမိပါတယ်။ ငနဲသား မျက်နှာက ဖြဲစပ်စပ်ရယ် ။

"ရပါတယ် လျောက်ပေါ့ ဒါပေမဲ့ ဘာဖြစ်လို့လဲ"

ကျမကို အဲဒီလို ပြန်မေးတာကိုက သူ့ မျက်လုံးထဲမှာ ရယ်မြူးရိပ်တွေနဲ့ပါ ။ မဟုတ်မှလွဲရော ဒီငနဲ တော့ လမ်းမှာ ပိုက်ဆံကောက်ရလာတယ် ထင်ပါ့ ။

ကျမလဲ ခွေး ၃ကောင်ကို မေးငေါ့ ပြရင်း ...

"ဟိုမှာ တွေ့လား ငါ ခွေးကိုက်ခံရမှာ ကြောက်လို့ "

အဲဒီတော့မှ ငနဲသားက တ ဟား ဟား အော်ရယ်ပါတယ် ။ ကျမလဲ နဲနဲ တော့ တင်းသွားတာပေါ့ ။ ဘယ့်နှယ် အမျိုးသမီး တယောက် ခွေးကြောက်တတ်တာ ရယ်စရာလား။ ကျမ အတွေးမှ မဆုံးခင် သူ့ရဲ့ နောက်ဆက်တွဲ စကားကြောင့် ကျမမှာ သူနဲ့ အတူ လိုက်ပဲ ရယ်ရမလို၊ အော်ပဲ ငိုရမလို ဖြစ်သွားခဲ့ရပါတယ်။

"ဟားဟားဟား ခွေးကြောက်လို့လား စိတ်မရှိပါနဲ့နော် ငါက မင်းကို ဒါ လို့ ထင်နေတာ..." ဆိုပြီး သူ့ ညာဖက်လက်ညှိုး နဲ့ ညာဖက်နားထင်ကို ထောက်ပြီး လှည့်ပြလိုက်ပါတော့တယ် ။

ဘယ်အချိန်ကတည်းကများ ကျွန်မနဲ့ ခွေး၃ကောင်ရဲ့ ဗရုတ်သုတ်ခကို နောက်ကနေ ကြည့်နေတယ် မဆိုနိုင်ဘူး။ ကိုင်း ကောင်းကြသေးရဲ့လား ။ ကျမဖြင့် ရှေ့က ခွေး ၃ကောင် အကိုက်သာ ပြေး ခံလိုက် ချင်တော့တာ..။

ဘ၀ အမောတွေ ပြေကြပါစေ...။

14 comments:

  1. ဖြစ်ရမယ်...အစ်မကတော့။ ကျွန်တော့်အစ်မကို ပိုးစိုးပက်စက် ထင်ရက်တဲ့ လူကရှိသေးတယ်။ ဘာမှပြန်မပြောလိုက်ဘူးလား အဲဒီလူကို..

    ReplyDelete
  2. ဟယ်...ထင်ရက်လေခြင်း

    ReplyDelete
  3. ဟားဟား... ရီရတယ်... အမစာရေးကောင်းလို့ရီတာပါ... အမအဖြစ်ကိုရီတာဟုတ်ဘူးနော်... ဖြစ်မှဖြစ်ရလေ. အမရယ်... ခွေးမသားတွေကလည်းတယ်ဆိုး တရုတ်ကြီးကပိုဆိုးတယ်

    ReplyDelete
  4. ဟီး ဟီး သူ နောက်ကနေ ဘယ်အချိန်တုန်း ကတည်းက ကြည့်နေမှန်း သိဘူးတော့...။ ဟင့် အင်း ဘာပြန်ပြောရမှန်း မသိလို့ အရှက်ပြေ ရီနေလိုက်တယ်...

    ReplyDelete
  5. လူက ဂိုက်ပေးကြမ်းပြီး ဇစ်ဇက် ၄ကြိမ်လောက် လမ်းကို ဖြတ်နေလေတော့.. အင်းး ခွေးတွေကိုပဲ အပြစ်တင်ရမှာပဲ။ :)

    ReplyDelete
  6. ဟားဟား....၇ယ်၇တယ်...အမကတော်တော်စာေ၇းကောင်းတာပဲ..
    မျက်လုံးထဲတောင်မြင်လာတယ်...အဟိ...

    ReplyDelete
  7. ဘုရားရေ... အဲလိုကြီးလား...
    စောစောစီးစီး ရယ်လိုက်ရတာ... မျက်စေ့ထဲ မြင်ယောင်ပြီး... မြင်ယောင်ပြီး... မြင်ယောင်ပြီး....း)း)
    တော်တော်ဆိုးတဲ့ ခွေးတွေ...

    ReplyDelete
  8. အစ်မရေ...
    ခွေးကလေးတွေနဲ့ အစ်မဖြစ်နေပုံလေးကိုပါ... မျက်စိထဲမြင်ယောင်လာမိရင်း..ပြုံးမိတယ်...။
    (ကိုယ်ချင်းမစာဘူးလို့ မပြောနဲ့နော်...။ ကျွန်တော်လည်း..ခွေးကြောက်စ်တယ်ဗျ...)

    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete
  9. မချစ်ကြည်အေးရေ ရီရတယ်။ ကျွန်မလည်း ခွေးကြောက်တတ်သူဆိုတော့ အထင်ခံရတာက ခဏပဲလေ ပြီးတော့ ပဲ့ပါသွားတာမှမဟုတ်ပဲ ခွေးနားသွားဖို့ အဖေါ်ရတာနဲ့ ကာမိပါတယ်။ တခြားတလွဲထင်တာနဲ့စာရင် အရူးထင်တာကမှ တော်သေးတာပေါ့။ စိတ်ထားတတ်ရင် မြတ်ပါတယ်။

    ReplyDelete
  10. ဖြစ်မှ ဖြစ်ရလေ အမရယ်.. အမကိုများ အဲဒီလို ထင်ရတယ်လို့.. အမရေးထားတာ ဖတ်ရင်း လမ်း ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်ဖြစ်နေတဲ့ အမကို မျက်စေ့ထဲ မြင်ယောင်မိတယ်.. :D

    ကျနော်လည်း ခွေးကြောက်တတ်တယ် အမရဲ့.. အကိုက်ခံရဖူးလို့ကို ကြောက်သွားတာ.. ဒီမှာလည်း လမ်းလျှောက်ရင်ပဲဖြစ်ဖြစ် စက်ဘီးစီးရင်ပဲဖြစ်ဖြစ် ခွေးပဲ ရှောင်နေရတယ်.. တချို့ခွေးတွေဆို အကောင်အကြီးကြီးတွေမို့ သူတို့လှမ်းဟပ်လိုက်မှာ အရမ်းကြောက်တာ.. :)

    ReplyDelete
  11.ွှအဲဒီတရုတ်ကိုခွေးနဲ့ရှူးတိုက်ကြည့်ရရင်ဘယ်လိုနေမလဲမသိဘူး

    ReplyDelete
  12. ခုခေတ် ခွေးရူးဆေးတွေ က ၁၄ လုံး ထိုးစရာ မလိုတော့ဘူး ညီမ ရဲ့ ..း)

    နောက် တခါ တရုတ်နား ကပ်မလျှောက်နဲ့ ...း)

    ReplyDelete
  13. ခွေးတွေ အပြစ် ... ခွေးတွေ အပြစ် ... ကြည်ကြည့်မှာ အပြစ်မရှိဘူး ... ရယ်လိုက်ရတာ ...

    ReplyDelete
  14. This comment has been removed by a blog administrator.

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...