Tuesday, December 29, 2009

ကျီး နဲ့ ဘုတ်

ပြောပြချင်သေးတယ်၊ တကယ်တော့ စာပေ ဟောပြောပွဲ အကြောင်း ခုထိ ခေါင်းထဲက မထွက်သေးဘူး ။ မထွက်ဆို သတိရမိစေတဲ့ အကြောင်းကလည်း အခိုင်အမာ ရှိသကိုး...။

ကျီး နဲ့ ဘုတ် တို့ တကောင် နဲ့ တကောင် အပြန် အလှန် မြှောက်ပင့်ကြတာလေး...ကြားဖူးနေကျ ဖြစ်မှာပါ ။ အဓိပ္ပါယ် အတိအကျကို ဆရာ နေဝင်းမြင့် ပြောပြမှ ခရေစေ့ တွင်းကျ သိလိုက်ရတာ...။

တနေ့ ကိုကျီးက ညိုဝါရောင် အဆင်း ရှိတဲ့ ကိုရွှေဘုတ်ကို ပြောသတဲ့ ။

" ကိုကြီးဘုတ်ရာ ခင်ဗျားဖြင့် အဆင်းကလည်းလှ၊ အရောင်ကျတော့လည်း မြတ်စွာဘုရားရှင်ရဲ့ သင်္ကန်းတော် အရောင်လို ညိုရွှေဝါရောင်နဲ့ အင်မတန် ကျက်သရေရှိပါ့ဗျာ " လို့ ဝမ်းနဲအားငယ်တဲ့ လေသံလေးနဲ့ ပြောရှာသတဲ့ ။

ဒီတော့ ကိုကြီးဘုတ်ကလည်း ပြန်ပြောရှာတယ် ။

" အို....အားငယ်တတ်ပါဘိ ကိုကျီးရယ် ခင်ဗျာ့ အသွေးအရောင်ဟာဖြင့် မြတ်စွာဘုရားရှင်ရဲ့ သပိတ်တော် အရောင်နဲ့ တူပါသော်ကောဗျာ " လို့ ပြန်ပြီး ဖေးမ ရှာသတဲ့ ။

ကျမဖြင့် ကျမတို့ ဘလော့ဂ်ဂါ မောင်နှမတတွေကို ပြေး သတိရမိတာ မလွန်ပါဘူးနော်.....။

ဘဝ အမောတွေ ပြေကြပါစေ....။

Sunday, December 27, 2009

2010 ရင် ခုန် သံ....


တူး ဇီးရိုး ဝမ်း ဇီးရိုး တဲ့
မရိုး မထပ် မင့်ဇာတ်ကြောင်းတွေပဲ ပြောပြောနေကြ...
ဟိုတစ်စ ဒီတစ်စ ဆွဲထုပ်
အရှုပ် ဖွတဲ့သူက ဖွ........ အစ ရှာတဲ့သူက ရှာ
ရင်ခုန်မိ နေ တာ က....
သူ ဘယ်လို ခြေလှမ်း စမလဲဆိုတာ....။

၂၀၀၉ ဖုတ် ဖက် ခါ နောက်ဆုံးစက္ကန့်တွေမှာ
အေးညှင်း သာယာ အရောင်အဝါတွေနဲ့ ရောက်လာမှာလား...
သူက အဝါလား အပြာလား...
ဒါမှမဟုတ် သစ်လွင်ခမ်းနားတဲ့ အရောင် အဆန်းတကြယ်တွေနဲ့
ရောနှောသွယ်ဆက် ဖောက်ယှက် ထားမှာလား
မျှော်လင့်ချက် တောက်ပ အိပ်မက် အဟောင်းတွေက နိုးထစေမှာလား....။

သေချာ နေတာက...
ငါတို့ဟာ " ဖြစ်စေ " ဆိုတဲ့ ပဉ္စလက် ပြကွက်တွေကိုလည်း
မလိုချင် မယုံကြည်ရဲခဲ့သူတွေ...
မာန်နတ် သမီးတွေရဲ့ ပုပ်အဲ့အဲ့ အဟောင်းအမြင်း
မာယာ တေးချင်းတွေမှာလည်း မပျော်ဝင်လိုသူတွေသာ ဖြစ်တယ် ကွဲ့....
မင်းရဲ့ တရားသဖြင့် ယန္တရား အသစ်ထဲ
ချစ်ခြင်း မေတ္တာနှင့် မျက်နှာ အစစ်တွေကိုတော့ဖြင့် မျှော်လင့်မိပါရဲ့....။

ဒါပေမဲ့....
နောက်ဆုံးမတော့ နှစ်ထောင့်ကိုးရေ...
မင့် စာမျက်နှာ အဟောင်းတွေ မှေးမှိန် ယွင်းဆုတ်
မင့် ပြက္ခဒိန်တွေ ငြိမ်းချုပ်
မင့် ခြေလှမ်းတွေ အသိမ်း အနှုတ်မှာ
အသစ် အသစ်တွေ ထုတ်ပိုး တူး ဇီးရိုး ဝမ်း ဇီးရိုး ဆိုတဲ့
ကြိုးတန်း အသစ်ပေါ် ရှေ့ဖြစ် မမျှော်ပဲ....
ငါတို့........
လက်ချင်းတွဲ ရဲရဲသာ လျှောက်ကြပါစို့လေ......။


အားလုံးပဲ ၂၀၁၀ ဆိုတာကြီးကို မမြင်ဖူးသေးပေမဲ့ ချစ်ခင်ရင်းနှီးစွာ နွေးထွေးစွာ အတူတူ ကြိုကြရအောင်ပါ....



Image Source : http://media.photobucket.com/

Friday, December 25, 2009

MKY တို့ လင်မယား


သူ့ ရဲ့ နာမည်ပြောင်က "ချင့်ယုံ" တဲ့...။ သူ နဲ့ ခင်မင်သူတွေအားလုံး သူ ဘယ် လောက် အစ အနောက် သန်မှန်း သိကြပါတယ်။ မထင်ရပါဘူး၊ တခါတခါ အတည်ပေါက်ကြီးနဲ့ မို့လို့ပါ...။ သူ့ကို လက်ထပ်ဖို့ စဉ်းစားတဲ့အထဲမှာ အဲဒါလည်း တခု အပါအဝင် ၊ ဒီလူကြီးနဲ့ ဆိုရင်တော့ လူ ချမ်းသာတာ မချမ်းသာတာ အပထား၊ ရယ် နေရလို့ စိတ်တော့ အတော်ချမ်းသာမှာ ဆိုပြီး မီးစိမ်း ပြခဲ့တာ...။

အလှူတွေ ဘာတွေ သွားလို့ သားသားနားနား ဝတ်စားထားတဲ့ သူ့ သူငယ်ချင်းများ တွေ့ရင် " ဟာ...ဟေ့ကောင်ကြီး အင်္ကျီအသစ်နဲ့ ရူပါ တယ်တက်နေပါ့ လား နောက်တခါ ဒါမျိုး အင်္ကျီလေးတွေ သွားကောက်ရင် ငါ့လဲ လက်တို့ စမ်းပါအုံးကွ" တဲ့လေ။ ဖဲ့ပုံက...ဖဲ့ပုံက..မသိရင်ပဲ ဟိုလူ အမှိုက်ပုံထဲက ကောက်ဝတ်လာသလိုလို...။ ဒါမျိုးကျ ကိုယ်က ရယ်လို့ ကောင်းနေတာ ။

နောက်တော့ တဖြည်းဖြည်းနဲ့ စ စရာလူမရှိရင် ကိုယ့်ဘက်မြှားဦးလှည့်လာရော ။ တခါတခါ လူရှေ့လည်း အပီ ဖဲ့တာ...။ ဆိုင်မဆိုင်တော့ မသိဘူး၊ စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညို ရွတ်ပြခဲ့တဲ့ "စစ်" ဆိုတဲ့ ၂ ကြောင်းကဗျာလေး " ဒုံးဒုံး ဒက်ဒက်၊ တုံးလုံးပက်လက် " ဆိုတာလို။ သူ ပစ်လွှတ် လိုက်တဲ့ ဒုံး ဒုံး ဒက် ဒက် တွေကြားမှာ ကိုယ်လဲ တုံးလုံး ပက်လက် ဖြစ်ပေါင်းများလှပေါ့ ဪ ကျဆုံး ခဲ့ရတာများ ပြောပါတယ် ။

ချစ်စနိုး နဲ့ ဖဲ့တာ လို့ ဆိုသေးတယ် ။ ဖဲ့တာတောင်မှ ချစ်စနိုး ရှိရသေး။ သူက အဲသလိုလည်း ဓါးသွားပေါ် ပျားရည်က ဆမ်းတတ် သေး တာ။ တခါ ကိုယ်က သူ့ရှေ့ ဝမ်းသာအားရ ပြောမိပါတယ်။

" ပိန်များသွားလား မသိဘူးတော့၊ ဒီအင်္ကျီလေးတောင် ချောင်သွားသလိုပဲ "
" အင်း ချောင်သွားတယ် အင်္ကျီ မှုတ်ဖူး ဦးနှောက် ဦးနှောက် " တဲ့...။
စာလို ပြောရရင်တော့ " သူ့ရဲ့ ချစ်စနိုး ဖဲ့ရွဲ့မှုအောက်မှာ ကျမ လှလှပပကြီး ကျဆုံးခဲ့ရ ပြန်ပါသည် " ပေါ့။

ကြာတော့လည်း သူ့အနား နေရတာ ကပ်စီးယပ်စ်ကလေးအနား နေ နေရသလို ဖြစ်နေ လေတော့ ကိုယ့်မလည်း မိုက်တိုင်စန် လောက် တော့ နားရွက်ကလေး ဘာလေး ပြန်ကိုက် ဖြတ်တတ်အောင်ပဲ   လေ့ကျင့်ရတော့ မလို...။ ဒါမှမဟုတ် ကိုယ်တို့ ဧည့်ခန်းအလယ်မှာ လက်ဝှေ့ကြိုးဝိုင်း ဆောက်ပြီး သူ ချစ်စနိုးနဲ့ ဖဲ့တိုင်း ကိုယ်လည်း ချစ်စနိုးနဲ့ ပြန်ကျွေးရ ကောင်း မလား ပေါ့။ စိတ်ချဉ်ချဉ် နဲ့ ညစ်ကျယ်ကျယ် တွေးမိရတာ...။

တနင်္ဂနွေ နေ့လည်တခုမှာ ထမင်းစားအပြီး နှစ်ယောက်သား TV ရှေ့ထိုင် ကြတယ်။ သူက ခုံပေါ်ထိုင်ပြီး TV ကြည့်၊ ကိုယ်က သူ့ရှေ့ ကြမ်းပြင်အခင်းပေါ် ဆင်းထိုင်ရင်း သူ့ခြေသလုံး နှစ်လုံးကြား ကျောမှီပြီး စာအုပ် ဖတ်နေခဲ့တာ ။ 

တခါတခါလည်း သူ့ရဲ့ " ကြည့် ကြည့် မြန်မာသတင်း လာတော့မှာ " တို့ ၊ " ဟိုမယ် အဲဒါ တိုက်ဂါးရဲ့ ၁၂ ယောက်မြောက် ကောင်မ လေး" တို့၊ အဲသလို သူကြည့် စေချင်တာ လေးတွေကျ စာအုပ် နဲ့ မျက်နှာ ခဏ ခွာလို့ လှမ်းကြည့်ရင်း "ဪ" တို့ "အင်း" တို့ "ဟုတ် လား" တို့ လုပ်ပေး ရသေးတာပါ။

" ဟာ ..ဟိုမယ်..မိန်းမ.. မိန်းမပုံ TV ထဲပါလာပြီ ၊ TV ရိုက်ထားတာတောင် ယောင်္ကျားကို မပြောဘူး "
ကိုယ်လဲ ခပ်တွေတွေနဲ့ TV ကို လှမ်းကြည့်မိရတယ်။
သစ်ပင်ပေါ်မှာ ငုတ်တုတ်ကြီး ထိုင်လို့ ၊ လက်တဘက်က ခေါင်းကုတ် ကျန်တဘက်က သစ်ကိုင်းကို ခိုတွယ်လို့ TV ကင်မရာထဲကို ပြူးပြူးလေး ကြည့်နေရှာတဲ့ မျောက်တကောင်...။ ဟ...ငါ့တော့ ဖဲ့ပဟ လို့... ။

" ကိုယ့် အစွမ်းအစ နဲ့တော့ မဟုတ်ရပေါင်ဗျာ...ရေမြင့်လို့ ကြာတင့်တာ "

မပိုင်လား သူလည်း မျောက်ယောက်ျားဖြစ်ကရော။ ဒီတခါတော့ ကိုယ်လည်း ပြန်ပစ်ရတော့တာ ။ ဒီတော့မှ သူ တဟားဟား ရယ်တယ်။ ကောင်းပါလေ့ ကိုယ်တို့ နှစ်ယောက်လုံး နေရင်းထိုင်ရင်းနဲ့ လူစင်စစ်ကနေ ပရိုမိုးရှင်းတွေ တက်ကုန်ရော...။

တော်သေးတယ် ၊ ကိုယ်ကဖြင့် သူ ဘယ်လို မြှောက် မြှောက် ဘဝင် မမြင့်တတ်ပေလို့....။


ဘဝ အမောတွေ ပြေကြပါစေ...။




Image Source : http://monkeys.funny-animal-picture.com/

Thursday, December 24, 2009

အလှူ ဒါန ပြုကြသည် ဆိုရာဝယ်...

"နင့်အသက် တခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်"

ကျမတို့ ငယ်ငယ်က ငှက်လွှတ်၊ ငါးလွှတ်ကြတဲ့ အခါ ပြောလေ့ရှိကြတဲ့ စကား လေး...ခု အသေအချာ ပြန်စဉ်းစား ကြည့်မိတဲ့ အခါ အတော်ကလေး ရယ်စရာ ဖြစ်နေတာ...။

ဘယ့်နှယ် သူ့ တော့ တခါလွှတ်ပြီး ကိုယ့်ကျတော့ ဆယ်ခါ လွှတ်ရမယ် လို့ ၊ ဘေးမဲ့လွှတ်တဲ့ ဇီဝိတ ဒါန မြတ်တဲ့ အလှူပါပဲ၊ ဒါပေမဲ့ လောဘလေး တန်းလန်းနဲ့ လှူတဲ့ အလှူ ဖြစ်နေခဲ့တယ်၊ ကိုယ်က ၉ ခါ အမြတ် ပြန်ရဖို့ တွက်ပြီး လှူထား တာကိုး...။

တကယ်ဆိုရင် အရင်ဆုံး လှောင်ချိုင့်ထဲက ငှက်ကလေးရဲ့ နေရာမှာ ကိုယ်ချင်းစာ စိတ်ကလေးနဲ့ ခဏ ဝင်ကြည့်ရမှာ ၊ ခမျာ တကယ်ပဲ ကျဉ်းကြပ် နေပါလား၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရှာမှာ ၊ သူလဲပဲ လွတ်လပ်စွာ ပျံသန်း ချင် ရှာလိမ့်မပေါ့၊ ငါသာ ဆိုရင်ရော ဘယ်လိုများ ခံစား ရမှာပါလိမ့်၊ သူ့ကို လွှတ်လိုက် ရင်ဖြင့် သူ ပျော်ရှာမှာ...။

အဲဒီလို...ငှက်ကလေး အပေါ် ချမ်းသာစေချင်တဲ့ စိတ်လေး ထားပြီး တကယ် လွှတ်လိုက်တဲ့ အခါမှာလည်း ဟိုးကောင်းကင်ကြီးထဲ လွတ်လပ်စွာ တဟုန်ထိုး ပျံသွားတဲ့ ငှက်ကလေးရဲ့ ပျော်ရွှင်မှုလေး ၊ အဲဒါလေးကို ရင်ထဲ ကူးစက်လို့ ငှက်ကလေး နဲ့ အတူ ခံစား ပေးရမှာ...။

ဘာကိုပဲ လှူလှူ ၊ ကိုယ်လှူလိုက်လို့ အလှူခံပဂ္ဂိုလ် ရရှိမဲ့ ချမ်းသာမှုလေးကို ပီတိလေးနဲ့ ခံစားပြီး ဝမ်းမြောက်လို့ ၊ မိမိ ရင်ထဲ အအေးဓါတ် လေး ကိန်းနေပါစေ။

ပြီးတဲ့အခါ ဘာဝနာ ကုသိုလ်လေး ထည့်လို့ ဪ သူလဲ မမြဲတဲ့ အနိစ္စ၊ ကိုယ်လဲ မမြဲတဲ့ အနိစ္စ၊ အဲဒီလိုလေး ဆင်ခြင်လိုက်မယ် ဆိုရင် ပိုပြီး အကျိုးများ သွားတော့တာ...။

သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းတဲ့ အခါမှာလည်း လှူဖို့အတွက် ဆွမ်းချက်၊ ဆွမ်းပြင်တဲ့ အခါ ဒီဆွမ်းလေး ဘုန်းပေးရခြင်းကြောင့် သံဃာတော်တွေ ရှေ့ဆက် သာသနာ့ အကျိုး သယ်ပိုးနိုင်တော့မဲ့ အရေးတွေးလို့ ပီတိလေးနဲ့ ဝမ်းသာနေရမှာ ၊ ပြီးမှ အလှူခံ ပုဂ္ဂိုလ်သည် လဲ မမြဲ၊ လှုဒါန်းသော ပုဂ္ဂိုလ်သည်လဲ မမြဲ ရယ်လို့ အနိစ္စ သဘောလေးလည်း ဆင်ခြင်လိုက် နိုင်မယ် ဆိုရင် အင်မတန် အကျိုးများတဲ့ အလှူ ဖြစ်သွားပါတယ်။

ဒါတွေက မလှူခင် နဲ့ လှူနေစဉ် ထားရမဲ့ စိတ်လေးပါ။ လှူပြီးတဲ့ အခါမှာလည်း ကြုံလိုက်တိုင်း ဒီအလှူလေးပြန် စဉ်းစားရင်း ဝမ်းမြောက် ပီတိလေး ဖြစ်နေရမှာ...။ ဒါဆိုရင် သုံးတန်စေတနာ ပြဌာန်းပြီး လှူထားတဲ့ အတွက် အင်မတန် ပြီးပြည့်စုံတဲ့ အလှူလေး ဖြစ်သွားပြီပေါ့ ။

ကိုယ့်ဘက်ကသာ ဖြူစင် သန့်ရှင်းတဲ့ စိတ်ထားနဲ့ ဘာမှ တုံ့ပြန် အကျိုး မမျှော်ကိုးပဲနဲ့ လှူဒါန်းပါ ၊ ဆုတွေ ဘာတွေ တောင်းနေစရာ မလိုပါဘူး ၊ အကျိုးပေးက သူ့ဘာသာ အော်တို လာပါ လိမ့် မယ်။ မန္တလေး သွားတဲ့ ကား စီးမှတော့ မန္တလေး ရောက်ရမပေါ့။

အဲဒီလို မဟုတ်လို့ ဆုတောင်းချင် လှချည်ရဲ့ ဆိုရင်လဲ တောင်းပေါ့လေ။ ကျမကတော့ နိဗ္ဗာန်ဆုပဲ တောင်း စေ ချင်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်က တောင်းယူ လို့ မရ ၊ တကယ် အလုပ် လုပ်မှ ရမယ် ဆိုတာတော့ သတိချပ် ကြစေချင်ပါတယ်။ ဤအလှူသည် နိဗ္ဗာန်၏ အထောက် အပံ့ ဖြစ်ပါစေ လို့ ဆုတောင်းတာက ပိုပြီး အဓိပ္ပါယ် ရှိပါတယ်။

လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ တွေ ဆုတောင်းနေစရာ မလိုပါဘူး။ နိဗ္ဗာန် ချမ်းသာ ကိုသာ အာရုံပြုပြီး လှူပါ။ မန္တလေး လက်မှတ် ဖြတ် ထားတဲ့ သူဟာ လမ်းမှာ တောင်ငူတို့ ပျဉ်းမနားတို့ မရောက်မှာ ပူနေစရာမှ မလိုအပ် ပဲလေ...။

လှူဒါန်းတတ် ဆုတောင်းတတ်ကြပါစေ...။




*** ညီမလေး တယောက်က ပြောလာပါတယ်။ ဒါန၊ သီလ၊ ဘာဝနာ မှာ အမက ဘာဝနာကို တန်းရေးတာကိုး တဲ့၊ ဒါန နဲ့ သီလ အခြေခံလေး အရင်ရေးပေးပါအုံး အမရယ် လို့ ဆိုလာတယ်။ ပြီးတော့ မနက်ဖန် မောင်ရီနိုတို့ရဲ့ စုပေါင်း အလှူလေး အကြောင်းကလဲ ခေါင်းထဲ ရှိနေတာကြောင့် ဒီပို့စ်လေး ထပ်ရေးဖြစ်ပါတယ်။ သိပြီးသူများလဲ ရှိကြမှာပါ၊ ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေး ဖတ်မိလို့ အသိလေး တခု တိုးသွားတယ် ဆိုရင်ပဲ ကျမ ဝမ်းသာရမှာပါ...။

Wednesday, December 23, 2009

ဒိဋ္ဌိ ကင်းစင်ကြစေချင်ပါသည်

တချို့ ပြောလေ့ရှိသည်၊ ငါသေရင် ဒီ အထုတ် ကလေးပဲ ငါ့နောက်ပါမှာ ဟူ၍....။
ကောင်းတာ လုပ်မှ ကောင်းတာ ခံစားရမည် ဟု သံသရာ ခရီးသည် ပီပီ ဆိုလိုရင်း ဖြစ်ပါလိမ့်မည် ။ မှားသည်ဟု မဆိုလိုပါ ။ သမုတိသစ္စာ (လောကသုံး အမှန်တရား) အရ မှန်ကောင်း မှန်ပါလိမ့်မည်။

ဤတွင် သမုတိသစ္စာ (လောကသုံး အမှန်တရား) အရ ငါ, နင်, သူ ဟူသော နာမ်စားများ မသုံးမဖြစ် သုံးရသော်လည်း တရားသဘော အရ သေချာစွာ သုံးသပ်လျှင် ဤစကား၏ အနက် မည်မျှလောက် တာသွားသည်ကို သိစေချင်ပါသည်။

ဤစကားစု ကို တရားသဘော နှင့် ခွဲခြမ်း စိတ်ဖြာကြည့်လျှင် ကပ်ငြိ နေသော ဒိဋ္ဌိ ၂ မျိုး ကို အထင် အရှား တွေ့ရပေမည်။

က) ငါ , ငါ့နောက် ဟူသော ( ရုပ်-နာမ် ခန္ဓာ အစု အပေါ် ငါဟု မှားယွင်းစွာ သိမြင်မှု) သက္ကာရ ဒိဋ္ဌိ နှင့် ယခု ဘဝ၌ ငါပြုသော အမှုသည် နောက်ဘဝ၌လည်း ငါ့နောက် လိုက်ပါ၍ ငါပဲ ခံစားမည် ဟု ဆိုလိုခြင်း ဖြစ်ရာ (ငါ သို့မဟုတ် ရုပ်-နာမ် သည် မြဲ၏) ဟူသော တဿတ ဒိဋ္ဌိ တို့ စွန်းထင်းလျက် ရှိနေပေသည်။

ဥပမာလေး တခုနှင့် ရှင်းပြလိုပါသည်။

မောင်ဘသည် တခြားနိုင်ငံ တခု၌ နေထိုင်သော မောင်လှ ထံသို့ ဒေါ်လာငွေ ၅၀၀၀ (၁၀၀တန် အရွက် ၅၀) ဘဏ်မှတဆင့် ပို့သည် ဆိုကြပါစို့။ နောက်တရက် အကြာတွင် မောင်လှ ငွေ ၅၀၀၀ လက်ခံရရှိရာ အရွက် အရေ အတွက်မှာ တထောင်တန် ၅ ရွက် ဖြစ်ပါသည်။

ဤသည်ကို ကြည့်လျှင် ဒေါ်လာငွေ ၅၀၀၀ ချင်း တူသော်လည်း ငွေ အရွက်ရေချင်း မတူ သီးခြားစီ ဖြစ်သည်ကို တွေ့ရပါမည်။

ဤနည်း အတိုင်းပါပေ။

မိမိတို့ သေဆုံးခဲ့သော် ယခု လက်ရှိဘဝ၏ ရုပ်-နာမ် အစုသည် ပျက်စီး ချုပ်ငြိမ်း၍ နောက် ဘ၀တခုအတွက် ရုပ်အသစ် နာမ်အသစ် ဖြစ်ပေါ်ပါသည်။ ဒေါ်လာငွေ ၅၀၀၀ ချင်း တူသော်လည်း ငွေ အရွက်ရေချင်း မတူ သီးခြားစီ ဖြစ် သကဲ့သို့ ရုပ်-နာမ် ချင်းသာ တူသော်လည်း တသီး တခြားစီ ဖြစ်သည်ကို သတိပြုပါ။

ဤဥပမာဖြင့် ဒီဘဝလည်း ငါ , နောက်ဘ၀လည်း ငါ ဟုစွဲသော (တဿတ ဒိဋ္ဌိ) အစွဲ ကို လွှတ်ချ၍ ရပြီထင်ပါသည်။

ခ) တချို့ကမူ ဒီဘဝ ပြီးရင်ပြတ်ပြီ ၊ နောက်ဘဝ အကျိုးပေးစရာ မရှိ ဟူသော ဥစ္ဆေဒ ဒိဋ္ဌိ စွဲကပ်မှတ်ယူ၍ ပျော် ပျော် ကြီး နေသွားတတ်ကြသည်။

အထက်၌ ဥပမာ ပေးခဲ့ သလို သေဆုံး ပြီးနောက် ရုပ်-နာမ် တို့ ပျက်စီး ချုပ်ငြိမ်း သော်လည်း အကျိုးပေး မပြတ်ပုံကို ဆက်၍ ရှင်းပါမည် ။

မောင်ဘမှ ငွေ ၅၀၀၀ ပို့ခြင်းတည်း ဟူသော အကြောင်းကြောင့် မောင်လှ၌ ငွေ ၅၀၀၀ လက်ခံ ရရှိခြင်းတည်း ဟူသော အကျိုး ဖြစ်ပေါ် ပေသည်။

ထိုနည်းတူစွာ ယခု ဘဝ၌ ပြုခဲ့သော အကြောင်း တို့ ကြောင့် နောက်ဘဝတွင် တူသော အကျိုး တို့ကို ခံစား ရမည်။

ကောင်းသော အကြောင်းအတွက် ကောင်းကျိုး စံစားရမည်ဖြစ်၍ ဆိုးသော အကြောင်း အတွက်ကိုမူကား ဆိုးကျိုး ကိုသာ ခံစား ရမည်မှာ သေချာ နေပေသည်။

ထိုသို့လျင် သေဆုံးပြီးသော် အကျိုး အကြောင်းတို့ မပြတ်ပုံကို ဆင်ခြင်၍ ဥစ္ဆေဒ ဒိဋ္ဌိမှ ကင်းစင် စေရာ၏ ။

အနှစ်ချုပ်ရသော် သေဆုံးပြီးနောက် ယခုလက်ရှိ ရုပ်-နာမ် တို့ ပျက်စီး ချုပ်ငြိမ်း၍ နောက် ဘဝ အတွက် ရုပ်-နာမ်တို့ တဖန် အသစ် ဖြစ်ပေါ်ကာ ပြုလုပ်ခဲ့သော အကြောင်း အကောင်း အဆိုး တို့သည်ကား အရိပ်ပမာ ထပ်ချပ်မကွာ လိုက်ပါလျက် အခွင့် သာသည်နှင့် အကျိုးပေး လေသည် ဟူ၍ မှတ်ယူ ကြရပေမည်။

မှတ်ချက် : ဤသည်မှာ သုတမယဥာဏ် (ဖတ်ရှု ကြားနာ ၍ သိအပ်သော ဥာဏ်) ဖြင့် တဒင်္ဂ ဒိဋ္ဌိ ပယ်ခွာခြင်း ဖြစ်ရာ တရား အားထုတ် တကယ်တမ်း အလုပ်လုပ်မှသာ အပြီးသတ် ခွာချ နိုင်မည် ဖြစ်ပေသည် ။

မြတ်သော မဂ္ဂင် ဖောင်စီး၍ နိဗ္ဗာန် တဖက်ကမ်း သို့ အရောက်လှမ်းနိုင် ကြပါစေ....




***သက္ကာရ ဒိဌိ အကြောင်း အကျယ်ကို သပ်သပ် စာစုတခု ထပ်ရေးပါမည်....။

Monday, December 21, 2009

ဘာရယ် ညာရယ် တော့ ဟုတ်ဖူး....


မနေ့က ဝယ်ဖြစ်ခဲ့တဲ့ စာအုပ်တွေပေါ့......ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူး....အများတကာ သရေကျအောင်လုပ်ရတာ နဲတဲ့ ကုသိုလ်လားလို့...နော်...အားလုံးပေါင်း ၇အုပ် ၊ ဆရာ ချစ်ဦးညို စာအုပ် ၂ အုပ်က S$ ၁၁ ဒေါ်လာစီ နဲ့ ၂၂ ကျန်တဲ့ ၅အုပ်က S$ ၇ဒေါ်လာစီနဲ့ ၃၅ ပေါင်း S$ ၅၇ ဒေါ်လာ...ပိုက်ဆံများများ ထည့်သွားလေ့ မရှိတော့ လေ...ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူး..အဲဒါတွေ ဝယ်ပြီးတော့ လက်ထဲ ၇ ဒေါ်လာပဲ ကျန်တော့တဲ့ အကြောင်းပါ...။


ဆရာနေဝင်းမြင့်က စင်ပေါ်တက် လာတာနဲ့ စင်္ကာပူစာပေ ဟောပြောပွဲမှာ စစချင်း မဲမဲကြီး တွေ့လိုက်လို့ လန့်မသွားကြပါနဲ့ ...မဲမဲကြီးပေမဲ့ ချောကလက်ပါ...တဲ့။ ဟုတ်ကဲ့ ဆရာက ချောကလက်လိုပဲ သိတ်ချစ်ဖို့ ကောင်းပါတယ်...။ တခါသုံးပြီး ဘာမှ ငြိတွယ်စရာ မလိုပဲ ပစ်တတ်ကြတဲ့ ယနေ့ လူ့အဖွဲ့ အစည်းကြီးထဲမှာ လူငယ်တွေ ဦးနှောက်တံခါးဖွင့် ပြီး လေ့ကျက် သင်ယူနေကြသလို နှလုံးသား တံခါးကိုလဲ ဖွင့်လှစ်လို့ ခံစားတတ်ကြဖို့ပါ...။

ဆရာမ ဂျူးကတော့ ကျမ အပျိုကြီးပါတဲ့...၊ ဒါပေမဲ့ ရတာမလို၊ လိုတာမရ လို့တော့ဖြင့် မဟုတ်ပါ လို့ ဆိုပါတယ်...။ Living together စာရေးဆရာမ လို့ တံဆိပ်ကပ် ခံခဲ့ရတာကနေ ယနေ့ လူမှုရေး စာရေးဆရာမရယ်လို့ တံဆိပ်ကပ် ခံခဲ့ရတဲ့ အထိ စာရေးသူတယောက်ရဲ့ မှတ်စုများကို အပိုင်း ၅ ပိုင်း ခွဲလို့ ပြောကြားသွားခဲ့ပါတယ် ။ ဆရာမ ကြည်အေး နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ရဲ့ ကဗျာ တပုဒ်စီ နဲ့ ကိုယ်တိုင်ရေး ကဗျာ တပုဒ် ရွတ်ဆိုခဲ့ပြီး ဆရာကြီး မင်းသုဝဏ်ရဲ့ သပြေညို ကဗျာလေးနဲ့ လှပစွာ အနားသတ်ခဲ့ ပြန်ပါတယ်။

နောက်ဆုံးတော့ ဒဿဂီရိကို ချစ်သနားချင်စရာ ဇာတ်လိုက်အဖြစ် အဖွဲ့ကောင်းခဲ့တဲ့ ဆရာ ချစ်ဦးညို ရဲ့ အလှည့်ပါ။ ဆရာက ကျနော် လူပျိုကြီး မဟုတ်ပါဘူး ခင်ဗျာ လို့ အစချီလာတဲ့ အတွက် အားလုံး ပွဲကျ ရယ်မောခဲ့ ကြရပြန်ပါတယ် ။ ဆရာက သီချင်းတွေ၊ ကဗျာတွေ နဲ့ အတူ မှတ်သားစရာတွေ အများကြီး ဌာန်, မာန် အပြည့်နဲ့ ဟောပြော သွားခဲ့ပါတယ်။ အဓိက ကတော့ အနုပညာ ဖန်တီးသူတယောက် ရဲ့ စေတနာ နဲ့ သူ့ရဲ့ အားထုတ်မှုတွေ ၊ နောက် အဲဒီ အနုပညာ ပစ္စည်း အပေါ် စားသုံးသူတွေ အဖြစ် သုံးစွဲခံစား တတ်ကြဖို့ပါ။

ဟောပြောပွဲက နေ့လည် ၁၂း၄၅ ကစလို့ ညနေ ၆း၄၅ လောက် သိမ်းခဲ့ပြီး ၂း၁၅ ကနေ ၂း၄၅ ထိ နာရီဝက် နားချိန် ပေးခဲ့ပါတယ်။ ကျမတို့ဖြင့် နားထောင်လို့ မဝနိုင်သေးပါဘူး...ဟောပြောစဉ် တလျောက်လုံး ဆရာတွေရဲ့ စကားတွေက ကျမတို့ရဲ့ အာရုံတွေကို သိမ်းကျုံး ဖမ်းစား ထားနိုင်စွမ်း ခဲ့ကြပါပေရဲ့...။

ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူးလေ....။

ကျမတို့ စိတ်အဟာရတွေ အပြည့်စားသုံး ခဲ့ရသလို နားမထောင်လိုက်ရတဲ့ သူငယ်ချင်းတွေအတွက် အာသာပြေ အမြည်းလေး ကျွေးကြည့်မိတာပါ...။ အဲဒီနေ့ကတော့ ကျမတို့ အားလုံး အတွက် နေ့တာ တိုလွန်းတဲ့နေ့လေး တနေ့ ဖြစ်ခဲ့ပါရဲ့....။



Friday, December 18, 2009

ဘလော့ဂ်ဂါတွေ ရမယ် ဘလော့ဂ်ဂါတွေ.....


စာပေ ဟောပြောပွဲကြီး နီးလို့ လာချေပြီ....

ဆရာမ ဂျူး ၊ ဆရာ ချစ်ဦးညို ၊ ဆရာ နေဝင်းမြင့် ဟူသော နာမည်ကြီး စာရေးဆရာများ၏ စင်္ကာပူတွင် ပထမဦးဆုံး အကြိမ် (လာမည့် ၂၀ရက်နေ့တွင်)ကျင်းပပြုလုပ်မည့် ပွဲကြီးဖြစ် သည်။ ဤမျှ ပွဲကြီး ပွဲကောင်းကို အလွတ်ပေးဖို့ရာ မဖြစ်နိုင်ရကား ဘလော့ဂ်ဂါ ကိုကို မမ မောင် ညီမ များမှာ ပဒူအုံ တုတ်နှင့်ဆွ သကဲ့သို့ သွားဖို့ရာ ဟန်တပြင်ပြင်နှင့် လှုပ်လှုပ် ရွရွ ရှိနေ ကြချေပြီ။

ထိုထို များစွာထဲမှ တချို့ တချို့၏ ကြိုတင် ပြင်ဆင် ကြံစည် ကြပုံများအား ပြောပြရမည် ဆိုလျှင်ကား ဤသို့တည်း....။

သက်ဝေ အပြုံးပန်း အင်ကြင်းသန့် နှင့် ပုံရိပ် တို့မှာ မိန်းမ ပီပီသသ နုနုနွဲ့နွဲ့လေးများ ဖြစ်ရာ အရှက်ကြီးသူများ ပီပီ ၎င်းတို့အား လူမမှတ်မိစေရန် နံပြားဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်း၍ ဖြစ်စေ၊ နှုတ်ခမ်းမွှေး အတုတပ်၍ ဖြစ်စေ ရုပ်ဖျက်၍ လာကြမည် ဆို၏ ။

အန်တီဆွိ နှင့် မမခင်ဦးမေ တို့မှာကား နာမည်ကြီး ဘလော့ဂ်ဂါများ ဖြစ်သည့်အလျောက်၊ လူသိ များသူလည်း ဖြစ်ရာ ၎င်းတို့ မှာမူ ရုပ်ဖျက်၍ မထူးတော့ပြီမို့ ဒီအတိုင်းပဲ မျက်နှာပြောင် တိုက် သွားကြမည် ဟု ခပ်တင်းတင်း ဆုံးဖြတ်ချက် ချပြီး ဖြစ်လေသည် ။

မောင်ပီတိ ဆိုသော ရှက်တတ်သည့် ဘလောဂ့်ဂါလေးမှာမူ သူ့ကို တဖက်သတ် နှစ်သက် နေသော မွတ်ဆလင် အမျိုးသမီးလေးထံမှ ခေါင်းမြီးခြုံကို ရက်ပြတ် ငှားရမ်း၍ ခေါင်းမြီးခြုံ လုံပါပေ့ ဖက်ရှင်နှင့် တက်ရောက်မည် ဆို၏။

ရီနိုမာန်Ko Boyz ပေါက် cratonနှင့် ရွှေစင်ဦး တို့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ကမ္ဘာကြီး စိမ်းလန်း စိုပြည်စေရေး အလို့ငှာ ပွဲပြီးလျှင် ကျန်ခဲ့ မည့် ရေဗူးခွံ၊ ပုလင်းခွံ၊ ဘီယာဗူးခွံ နှင့် ပလပ်စတစ်အိတ် ပါမကျန် ကောက်၍ အိတ်ကြီးတလုံး နှင့် စုထည့်ကာ ရောင်းစားကြရန် အကြံ ဖြစ်လတ္တံ့။

ငပေါများ ဂေဟာ မှ ဆက်သွယ် ပျံကျားရေး ဝံဂျီး တက်ရောက်မည် ဖြစ်၍ ဟောပြောပွဲ အနီးတွင် ကောင်တာဖွင့်ကာ စိတ်ဝင်စားသူ ဘလော့ဂ်ဂါများအား ပေါရာပေါနည်း နိဿနည်း ပေါင်းစုံ အခမဲ့ လက်ပူတိုက် သင်ကြားပေးမည် ဟူလို...။

ပုလုကွေး နှင့် မောင်ရွာသားလေး တို့ကား ကုသိုလ်အရေး တွေးမိသည့်အလျှောက် တက်ရောက်သူ အပေါင်းအား သောက်ရေသန့် ဝေငှရန် အကြံ ရလေ၏။ ထို့ကြောင့် မြန်မာ ဘုန်းကြီးကျောင်းထဲ ရှိ ရေသန့်ဗူးများအား တနေ့ တကာတွန်(Carton) အိမ် သို့ မ ၍ စတင်စုဆောင်း နေကြောင်း သိရပေသည် ။

ကိုကြီးကျောက် ဦးဆောင်သော ချဉ်ပေါင်ခြံထဲမှ မောင်ဘိုင်ကျဏီလင်းညို မောင်မိုး နှင့် ဝေလီဝေလင်း တို့ ၅ ယောက် အဖွဲ့မှာ Overseas မှ လာရမည် ဖြစ်၍ လေယာဉ်ဖိုး ကျေစေရန် ဤသို့ တီးတိုး တိုင်ပင်လေသည် ။ အုပ်စုတောင့်၍ လေပေါသူများ ဖြစ်ရကား မြန်မာဆန်ဆန် မုန့်လေပွေ လုပ်ရောင်းရန် နှင့် မိုးပျံပူဖေါင်း လေမှုတ် ရောင်းစားရလျှင် ကိုက်မည်ဟု စဉ်းစားမိ၏။ ကမ္ဘာ့ စီးပွားပျက်ကပ် ကာလ အတွင်း၌ ဘာလုပ်လုပ် မကိုက်ပဲ ရှိ၍ အကိုက်ဆုံးမှာ ခွေး မျက်စိ နောက်အောင် လုပ်ရန် ဖြစ်ကြောင်းကိုမူကား ငနဲသားတို့ မရိပ်မိ ကြချေ ။

အကြံပိုင်၍ စီးပွားရေး မျက်စိရှိသော အကိုကြီး အောင်သာငယ် နှင့် ကလူထွင်း တို့မှာ အတွေ့အကြုံ ကြက်ရင့် သူများပီပီ (ဘလော့ဂ်ဂါ အားလုံးမှာ ကင်မရာကြီးများ တရမ်းရမ်းနှင့် လာကြမည်ဖြစ်ရာ) ကင်မရာ အခွံကောက်သော် သင့်မြတ်ပေစွဟု ခေါင်းချင်းဆိုင် တိုင်ပင် လျှက် ရှိကြ လေသည် ။

ထိုင်ခုံနံပါတ် များမှာ ဦးရာလူစံနစ် ဖြစ်၍ အားလုံးက စောစီးစွာ သွားရောက်ကြရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မမအယ်ဇီ နှင့် ချိုသင်း တို့ နှစ်ယောက်မှာ အထူးတလည် ပူစရာမလို, ထိုင်ခုံမရလဲ ဝိတ် နဲ့ ဖိ တာပေါ့ ဟုအေးဆေးစွာ တွေးထားလေ၏ ။

ထိုသို့ အကြံအစည်များ ကြားနာပြီးသော် ကျမ ချစ်ကြည်အေး မှာ အကြံလဲကုန်၊ ဂဠုန် ဆားချက်၊ ဆားမထွက်သည့် အဆုံး အထူးထူး အပြားပြား များလှစွာသော ဘလော့ဂ်ဂါ တို့အား လက်ညှိုးထိုး ရောင်းစားရန် အကြံထူး ဖြစ်ပေါ်၍ တနေ့ တနေ့ အိမ်ထဲ၌ ဒို ရေ မီ ဖာ တွင် တကီးမှ မဝင်သည့် အသံဖြင့် လေ့ကျင့်လျှက် ရှိနေပေတော့သည် ။

" ဘလော့ဂ်ဂါတွေ ရမယ် ဘလော့ဂ်ဂါတွေ....."

" ဘလော့ဂ်ဂါတွေ ရမယ် ဘလော့ဂ်ဂါတွေ....."



*** ဘလော့ဂ်ဂါ မောင်နှမ များအား ပျော်ရွှင်စေလိုသော စိတ်နှင့် ချစ်ခင် ရင်းနှီးစွာ ကျီစယ်လိုခြင်း သက်သက်ပါ။ စိတ်ဆိုးသည် ဆိုပါက နာမည် ဖျက်ပေးပါမည် ။ (ပျက်ကို ပျက်စေရပါမည် ...)


ဘ၀ အမောတွေ ပြေကြပါစေ...။

Wednesday, December 16, 2009

ဒီဇင်ဘာ ခါးခါး

ကင်န်းဗတ်စ် အဖြူ တစ်စပေါ် အပူရောင်တွေထည့်သွင်း
မဟူရာရောင် ငိုချင်းတပုဒ် ညည်းဆို
ကေးဝဋ် ပုဏ္ဏားလို နဖူးမှာ မမြင်သာပေမဲ့
အမာရွတ် အထပ်ထပ်နဲ့ ဒီရင်ဘတ်
ဆီသည်မ လက်သုတ်ဖတ် လို အရောင်အဝါတွေလဲ လွင့်
ငါ.............ရနံ့ မဲ့ ပန်းတပွင့် ပါကွယ်.....။

ဒါဏ်ရာ တွေ သွေးအပျက်ပျက်နဲ့ မွစာကြဲ
ဆယ့်နှစ်ကြိုးထက် များတဲ့ ဆွဲ လက် မှာ
အမှတ် နဲတယ် ဆိုဆို......
ငိုချင်တာထက် ရှိုက်ဖို့ ခက်တာ ဆိုး...
ပျဉ်ဘိုး လဲ မသိသေးပေမဲ့....
ငါ.....မင့် လက် မှာ..... အ ခါ ခါ သေပြီး ခဲ့သူပါ...။

ဒီ ဇင် ဘာ ရယ်.....
မင်း......အဆင်း ဖြူသလောက်
မင့် အဆိပ်အတောက်တွေက နှင်းပွင့်လို အေးမြ
သိသိကြီးနဲ့ မြို ချ တကျိုက်....လောင်မြိုက် အတွင်းကြေ...
မင်းပေးတဲ့ ချစ်ခြင်း... ခါးသက်သက် နှင်း ... တွေ...လေ....။


**ချိုသော ဒီဇင်ဘာ လို့ ဆိုကြတယ်...၊ ဘာပဲဖြစ်ဖြစ်ပါ...ဒီဇင်ဘာ ခါးခါး စားသုံးဖူးသူများ အတွက် ကဗျာလေး တပုဒ်...ခံစားဖြစ်ခဲ့တယ်...။

Monday, December 14, 2009

သဘောတွေ့ မနောခွေ့ မိတဲ့ ဥပမာ

ကျနော် ငယ်ငယ်ကပေါ့။ ကျနော့်အောက် အငယ်တွေကို ဆူတိုင်း ရှေ့နွားကမှ ဖြောင့်ဖြောင့်မသွားတဲ့ ဟာ နောက်နွားတွေလဲ ဘယ်ဖြောင့်ဖြောင့် လိုက်ပါ့မလဲ တဲ့။ အဲဒါ အငယ်တွေကိုဆူတိုင်း အမေပြောနေကျ၊ ကျနော်လည်း ပိန္နဲပင်ကြီး အမြဲ ဖြစ်နေကျ...။

ပြီးခဲ့တဲ့ စနေနေ့ညက ကျနော် ဖားအောက်တောရ ဆရာတော် တရားပွဲ သွားခဲ့တယ်။ ဆရာတော်ဘုရားကြီး တရားဟောတဲ့ အထဲ မှာပါတဲ့ ပုဏ္ဏားကြီး တဦးရဲ့ မေးခွန်းကို ဥပမာလေးနဲ့ မြတ်စွာဘုရားရှင် ပြန်လည်ဖြေရှင်း ထားတာလေး အင်မတန် သဘောကျမိလို့ ။ ပြန်ပြောပြ ချင်လာတယ် ။

ပုဏ္ဏားကြီးက မေးတယ် ။ မြတ်စွာဘုရား တဲ့ ယခုလို မြတ်စွာဘုရားရှင် နိဗ္ဗာန် ရောက်ကြောင်း တရား ဟောကြားတာကို ကြားနာရတဲ့ အခါ ကြားနာရတဲ့ သတ္တဝါတိုင်း နိဗ္ဗာန် ရောက်ပါ သလား ဘုရား လို့ မေးလျောက်သတဲ့ ။ အဲဒီအခါ မြတ်စွာဘုရားရှင်က ရောက်တဲ့သူတွေ လည်းရှိ ၊ မရောက်တဲ့ သူတွေလည်း ရှိတာပေါ့ အသင်ပုဏ္ဏားကြီး လို့ ဖြေတော်မူတယ် ။

အဲဒီမှာ ပုဏ္ဏားကြီးက နောက်ဆက်တွဲ မေးခွန်း တခု ထပ်မေးလျောက်ပြန်တယ် ။ အရှင် ဘုရား တဲ့ နိဗ္ဗာန်ရွှေပြည်ကြီးဟာလည်း အထင်အရှားရှိ ၊ သွားရမဲ့ မဂ္ဂင်ဖောင်ကြီးနဲ့ ဘယ်လို သွားရင် ရောက်မယ် ဆိုတဲ့လမ်းလည်းရှိ ၊ ညွှန်ကြားလမ်းပြ ပေးတဲ့ မြတ်စွာ ဘုရားရှင် လည်း ရှိ နေပါရက်ကနဲ့ တချို့ ဘာကြောင့် နိဗ္ဗာန် မရောက်နိုင်တာပါလဲ ဘုရား တဲ့ ။

အဲ...အဲဒီ့မှာ မြတ်စွာဘုရားရှင် ပေးခဲ့တဲ့ ဥပမာလေး...အင်မတန် လှဗျာ...။

အသင် ပုဏ္ဏားတဲ့...သာဝတ္ထိမြို့ မှ ရာဇဂြိုရ် သို့ သွားတဲ့လမ်းကို အသင် သိပါသလား လို့ ပြန် မေးလိုက်တော့ ပုဏ္ဏားကြီးက မှန်ပါ ကောင်းကောင်းကြီး သိပါတယ် ဘုရား လို့ အားရဝမ်းသာ ပြန်လျောက်တင်တယ်ပေါ့ဗျာ ။ ကောင်းပြီ အသင်ပုဏ္ဏား လမ်းညွှန်မြေပုံ ၂ပုံ ကျကျ နန ဆွဲ၊ သွားရမဲ့ လမ်းကြောင်းကို သေသေချာချာ ရှင်းပြပြီး လုလင် ၂ ဦး အား အသွားခိုင်းခဲ့မယ် ဆိုပါစို့ တဲ့ ။

အဲဒီမှာ တဦးသော လုလင်သာ ရာဇဂြိုရ်မြို့သို့ ချောမောစွာ ရောက်ရှိခဲ့ပြီး နောက်တဦးကတော့ လမ်းလွဲသွားခဲ့ သတဲ့။ ဒီတော့ ပုဏ္ဏားကြီးတဲ့ ရာဇဂြိုရ်မြို့ဟာလဲ အထင်အရှားရှိ၊ သွားရမဲ့ လမ်းကြောင်းလဲ အသေအချာရှိ၊ လမ်းညွှန်ပြသပေးတဲ့ ပုဏ္ဏားကြီးလဲ ရှိရက်နဲ့ ဘာကြောင့် ရောက်အောင် မသွားနိုင်ရတာလဲ လို့ မြတ်စွာဘုရားက ပြန်မေးသတဲ့ ။ အဲဒီ့မှာ ပုဏ္ဏားကြီး သဘောပေါက်သွားတယ် ။

အဲဒီ့မှာ ကျနော်လည်း တွေးစရာရသွားတယ် ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ...။

ဘယ်လိုသွားရမယ် ဆိုတဲ့ လမ်းကြောင်းကို တတ်သိတဲ့ သိကျွမ်း နားလည်သူ လည်း ရှိတယ် ၊ လမ်းလဲ ခိုင်ခိုင်မာမာ ရှိတယ် ၊ ဟိုးမှာ ပန်းတိုင်...... , ပဒေသာပင် တွေလဲရှိတယ် ၊ စိမ်းလန်းအေးမြတဲ့ သစ်ရိပ်တွေ ရှိတယ် ၊ အားလုံးအတွက် အမောပြေ ရေကြည် စိမ့်စမ်း တွေလဲ ရှိပါရဲ့ ။

ဘာကြောင့် ကျနော်တို့ မရောက်ကြတာလဲ...။



အားလုံးပဲ ရည်ရွယ်ရာ ပန်းတိုင်သို့ တ, တိုင်းရောက်နိုင်ကြပါစေ...။

Saturday, December 12, 2009

ကျွန်ုပ် နှင့် ယမမင်း

မနက်စာ စားလို့မှ မပြီးသေး ကျုပ်ရဲ့ လက်သုံးတော်ဓါး...ဟုတ်ပေါင် လက်စွဲတော် ဟန်းဖုန်း တတီတီ မြည်လာတာကြောင့် စောစော စီးစီး ဘယ်ကများပါလိမ့်မလဲလို့ LCD Display ကိုကြည့်လိုက်တော့........,

အံမယ်...နှုတ်ခမ်းမွှေးကားကား၊ ဦးချိုထောင်ထောင်၊ ညစ်ကျယ်ကျယ် ရုပ်နဲ့ ကျုပ်လောက်မှ ရူပါ မဖြောင့်တဲ့ သကောင့်သား...အလို.....ယမမင်း ဆိုပါ့လား။

အရေးကိစ္စကဖြင့် ရှိချေပြီ။ အစုံလုပ်သည် ဆိုတဲ့ အကျိုးတော်ဆောင်တွေ အများကြီး ထဲကမှ ကျုပ်တယောက်ကို ရွေးဆက်ရခြင်းကဖြင့် ထူးတော့ ထူးခြားနေသမို့လားဗျ။

*********************************
"ဟဲလို...ယမမင်း ဂွတ်တမောနင်းပါဗျ...ဘာအကြောင်းတွေများ ရှိသတုန်း.."

"အိမ်း...ပြောရတာပ...ကျုပ်တို့ ငရဲပြည်မယ် ခွေးသားရေ အောက်အော့ဖ်စတော့ ဖြစ်နေလို့ဗျ ၊ အဲဒါ ခင်ဗျားများ ဆပ်ပလိုင်း လုပ်နိုင် မလား လို့ပါ.."

"အလိုဗျာ...အတော်လဲ ကြီးကျယ်တဲ့ အမှာပေပဲ...နို့ ..ဘယ်တော့လောက်များ လိုချင်သတုန်းဗျ..."

"လောလိုက်လေခြင်း ဆိုရင်ဖြင့် ခံရတော့မှာပဲကိုး ယနေ့ကစလို့ ၃ရက်အတွင်းဗျား"

"အို..မြန်ချက်ဖြင့် ယမမင်းရယ်..ခင်ဗျား စတော့ခ်လေး နဲနဲမှ အပိုမဆောင်ပဲကိုးဗျ"

"ဆောင်ထားပါရောလား အမောင်ရယ်...သို့ပေမင့် တနေ့တနေ့...လိမ်သူ၊ ကောက်သူ၊ ကတုံးပေါ်ထိပ်ကွက်သူ၊ လာဘ်စားသူ၊ ခိုးသူ၊ သတ်သူ၊ ခေါင်းပုံဖြတ်သူ၊ လူအချင်းချင်း လှည့်ပတ်သူတွေက လူ့ ပြည်မယ် တယ်လဲများသကိုး..."

"အဲဒီ့လောက်တောင်ပဲ လားဗျ၊ ကျုပ်ဖြင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲပြီလားဗျာ၊ ကဲ စိတ်သာချဗျို့ ၃ရက်မြောက်နေ့ကျ ကျုပ်အိမ် ကိုသာ လာခဲ့ပေတော့ဗျား"

ကိုင်း...ကျုပ်ဖြင့် အကျိုးတော်ဆောင်တို့ ထုံးစံအတိုင်း နှုတ်ရေးကြွယ်ကြွယ် ဂတိလွယ် ခဲ့မိပြီကိုးဗျ၊ ဒီတော့ အချိန်တွေဆွဲဖင့် မနေ တော့ပါဘု ခုပင် မြို့တခွင်ခရီးနှင်လို့ မနားမနေ ခွေးသားရေ ရှာပုံတော် ဖွင့်ရအုံးမှာပ။

*********************************
ကျုပ်လဲ အချိန်ဆိုင်း မနေပဲ မြို့ထဲ ထွက်လို့ ခွေးသားရေ ရနိုင်မဲ့ နေရာတွေ၊ တခြား သားရေ အမျိုးမျိုး အရောင်းဆိုင်တွေ၊ ပင်ရင်း၊ ဆိုင်ခွဲ မကျန် စုံတကာစေ့အောင် ရှာပုံတော် ဖွင့်ရသပေါ့ဗျာ။

ခက်လိုက်ပုံက ဒီခွေးသားရေ ဆိုတာကလည်း ဘာလူသုံးကုန်ပစ္စည်းမှ လုပ်ရောင်း ရလောက်အောင် အသုံးမကျတဲ့ ဟာကိုး၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ခွေးသားရေ ပိုက်ဆံအိတ်၊ ခွေးသားရေ ဘွတ်ဖိနပ်ရယ်လို့များ ကြားဖူးကြလို့လား၊

တနေသာကုန်ရော ကျုပ်ဖြင့် ခေါင်းတွေလဲခြောက်၊ ခြေထောက်တွေလဲ ညောင်းလို့၊ ငွေကုန် သံပြာသာ ဖြစ်ကရော၊ ခွေးသားရေဖြင့် ရှာမရခဲ့ပေါင်ဗျာ...။

*********************************
နက်ဖန်ခါ ဆိုရင်ဖြင့် ယမမင်းက လာပေတော့မယ် ။ မဖြစ်ချေဘူး။ ဒီကနေ့တော့ဖြင့် ရအောင် ရှာမှ ရှာမှ....။

အဲ...ရှာလို့ မရတဲ့ အဆုံးမတော့ ခွေးလေခွေးလွင့်တွေ ဖမ်းလို့ ကျုပ် ကိုယ်တိုင်ပဲ အရေ ဆုတ်ပစ်ရမှာပဲကွယ်ရို့...။
ဘုရား ဘုရား ...ခါးဝတ်ပုဆိုးလို မြဲပါတယ် ဆိုတဲ့ ကျုပ်ရဲ့ ငါးပါးသီလလေးလဲ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်ရှာတယ်..

အောင်မာလေး...ရှားလိုက်တဲ့ ခွေးလေခွေးလွင့် ၊ကျုပ် အဖြစ်က ကုလားပြည် သွားပြီး နှုတ်ခမ်းမွှေး မပါတဲ့ ကုလား အရှာထွက်နေတာနဲ့ တူနေသကိုးဗျ.....။

တကောင် တမှီးမှ မတွေ့တဲ့အဆုံး ကျုပ်လဲ စိတ်ပျက်လက်ပျက်နဲ့ လျောက်လာလိုက်တာ မြို့ထဲကျော်လို့ မြို့စွန်တောင် ဝင်လာ ပါရော့ လား။ ဟော ရှေ့မှာ မွေးမြူရေး ခြံကြီး တခြံ ။ ခြံရှေ့က ဆိုင်းဘုတ်ကြောင့် ကျုပ်မျက်လုံးတွေ လက်ခနဲ၊ ကျုပ်ခေါင်း ထဲလဲ မီးတချက် လင်းခနဲ။

" နွား နှင့် နွားထွက်ပစ္စည်း မျိုးစုံ အရောင်းဆိုင် "

***********************************
နွားသားရေက နဲနဲတော့ဖြင့် ပိုထူပါရဲ့ ဒါပေသိ သူတို့က ဖိစက်နဲ့ပြားချ ၊ နန်းဆွဲစက် နဲ့ ဆွဲဆန့်ပြီး ပါးအောင် လုပ်ပေးနိုင် သတဲ့။ ကျုပ် လိုချင်တဲ့ အရွယ်အစား အတိုင်းလဲ ဖြတ်တောက်ပေးအုံးမဲ့ အပြင် ကျုပ်အတွက် မေတ္တာလက်ဆောင် နွားချို တစုံတောင် ပေးအုံး မတဲ့။ ဟန်ကျလိုက်လေ...။

ဒီလိုနဲ့ ချိန်းထားတဲ့ နောက်တနေ့ ညနေ ရောက်လာပါရော....။

ယမမင်း ကိုယ်တိုင် သူ့ရဲ့ ကြက်ဆူဆီသုံး ပရိုက်ဗိတ် ဂျက်ကလေးမောင်းလို့ ကျုပ်ဆီ ရောက်ချ လာသဗျ။ ခွေးသားရေ အဲလေ နွားသားရေတွေ ပိုက်လို့၊ အပျော်ကြီး ပျော်လို့ ၊ ချက်ချင်းငွေချေရှာတယ်။

ကျုပ်တိုက်တဲ့ အပြင်းစား မြန်မာ ဘီယာလေးတောင် သောက်မသွားရှာဘူး။

" လမ်းမှာ စစ်တဲ့ ဆေးတဲ့ TPH တွေ ဖမ်းနေပါအုံးမယ်ဗျာ " တဲ့။

"ဘာတုံးဗျ TPH " ဆိုတော့ " Traffic Police of Hell " တဲ့လေ ။

***********************************
မင်းမှာ သစ္စာ လူမှာ ကတိ ဆိုသမို့လားဗျ၊ ကျုပ်လဲ ပေးထားတဲ့ ကတိအတိုင်း နွားခြံ သွားလို့ ငွေချေအုံးမှ။

ခက်လိုက်တဲ့ ကောင်တွေဗျာ ၊ ပြောတုန်းက ဈေးတမျိုး ၊ လုပ်ရတာ သီးသန့် အမှာ (Custom made) မို့လို့ ခက်သလေး ဘာလေးနဲ့ ခုတော့ ငွေပို တောင်းတယ်လေ။

ကျုပ်ကလဲ နှုတ်ကတိ တလုံး တန်ဘိုးထားတဲ့ ကောင်ကိုးဗျ ၊ ဒီတော့ စာရွက်စာတမ်း တွေ ဘာတွေ မချုပ်မိဘူးပေါ့ဗျာ။ အရှည် အရှည်တွေ ပြောမနေချင်တာရယ်၊ ကျုပ်ကိုယ်တိုင်လဲ မြက်မြက်ကလေး စားလိုက်ရတာ ရယ်ကြောင့် သူတို့တောင်းတဲ့ ဈေးပဲပေးခဲ့ပါရဲ့ ။

ကျုပ် ပိုပြီး စိတ်ဆိုးမိတာက နွားချိုတစုံ မပေးတာပဲဗျို့ ။

ပေးမယ် ဆိုပြီးမှ မပေးတာတော့ အဆိုးဆုံးပဲ မဟုတ်လားဗျာ...။

************************************
အဲဒါပဲဗျ လူတွေဟာ ခက်တယ် ။ ငရဲပြည်မှာတောင် ခွေးသားရေ ပြတ်လတ်ရအောင် ငါးပါးသီလတွေ ပျက်ပြား၊ အကျင့်သိက္ခာတွေ ချစားလို့ ။

ကျုပ်ဖြင့် ငါးပါးသီလ ခါးဝတ်ပုဆိုးလို မြဲဆို ခါးပတ်ကြီးနဲ့ ဝတ်သကိုး ။ အသက်လေး ရလာတော့ကာ ပုဆိုးတောင် မနိုင်ချင်ချင် ဖြစ်လာပြီ မို့ပါဗျ...။

အဲ...တခုတော့ ရှိသပေါ့ , ယမမင်းကြီးကို ခွေးသားရေ နဲ့ နွားသားရေ အင်ထု လိုက်တာက လွဲ လို့ေ ပါ့ ဗျာ.......။

*************************************************

စာကြွင်း:

မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ - ကျွန်ုပ်သည် လိမ်လည် လှည့်ဖြား မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏....တဲ့ ။ ငါးပါး သီလ သိက္ခာပုဒ် တွေထဲက ၄ ပါးမြောက် သိက္ခာပုဒ် ဖြစ်ပါတယ် ။ အပြောလွယ် သလောက် အလုပ် အခက်ဆုံးပါ ။ လျှာ က အရိုး မရှိ ၊ အောက်မေးရိုး ကလည်း အရှင် ဆိုတော့ကာ ပွတ်ကာ သီကာ မသိမသာ ကျိုးလို့ ဖြစ်စေ၊ ရည်ရွယ်ပြီးတော့ပဲ အပိုင်းပိုင်း ချိုးလို့ ဖြစ်စေ တနည်း မဟုတ် တနည်းနဲ့ ကျိုးနေကြတာကဖြင့် တခြား သိက္ခာပုဒ် တွေထက် ကျိုးနှုန်း အပုံကြီး ပိုများ နိုင်ကောင်းပါရဲ့..။

ဆိုးတဲ့ ရည်ရွယ်ချက်နဲ့ အမဲရောင် မုသားက တမျိုး၊ ဖေးမလိုတဲ့ စိတ်နဲ့ မုသားဖြူက တဖုံ ဆိုသလို ပြောဖြစ်နေကြတာပါ။ လက်ထဲမှာ အပိုင်း ပိုင်း ပြတ်နေတဲ့ မုသာဝါဒါ သိက္ခာပုဒ်ကြီး ကိုင်ဆွဲလို့ ပါးစပ်က အသံကောင်းဟစ်နေ သူတွေ အများကြီးပါ...။ ကျမကတော့ရော....အင်း...ရုတ်တရက် နဲနဲတောင် နှာစေးချင် သလိုလို ပါပဲ....။ အဲဒီ အတွေးလေးနဲ့ သရော်စာ ဆန်ဆန် ဝတ္ထုလေး တပုဒ် ရေးဖြစ်ခဲ့ပါတယ် ။

လူအချင်းချင်း လှည့်ပတ်ခြင်းမှ ကင်းဝေးကြပါစေ....။

Wednesday, December 9, 2009

ကျမနှင့် ခွေး ၃ ကောင် ဇာတ်လမ်း

တကယ်ဆို ပြောကို မပြောချင်ပါဘူး ။ ဒါပေမဲ့လည်း ပြောကို ပြောရပါအုံးမယ် ။

တနေ့က ကျမ ရုံး ဖယ်ရီ လွတ်သွားလို့ ရုံးကို ဘတ်စ်နဲ့ သွားခဲ့ရတယ် ။ ကျမ အိမ်နဲ့ ရုံးက ၄ မှတ်တိုင်လောက်ပဲ စီးရတာမို့ ၁၀ မိနစ်တောင် မကြာလိုက်ပဲ ဆင်းရမဲ့ မှတ်တိုင် ရောက်ခဲ့ပါတယ် ။ မှတ်တိုင်ရောက်တော့ ကားပေါ်ကဆင်း ၊ မီးပွိုင့်ကနေ တဖက်လမ်းကို ဖြတ်ကူး ပြီးတာနဲ့ လမ်းတိုကလေးရဲ့ ထိပ်ကို ရောက်ပါတယ် ။ ၂လမ်းမောင်းကျယ်ပြီး လမ်းမီးဓါတ်တိုင် ၅ တိုင်တပ်စာ လောက် ရှည်ပါတယ်။ အဲဒီလမ်း အဆုံး ဘယ်ဘက်ချိုးတာနဲ့ ကျမတို့ ရုံး ပေါ့ ။

လမ်းတိုကလေး စ လျောက်လို့ ခြေလှမ်း လေး ငါး ဆယ်လှမ်းလောက် လျောက်ပြီးရင်ပဲ ကျမရဲ့ မျက်လုံး အစုံက လမ်း အဆုံးနားက ခွေး ၃ ကောင်ကို သွားမြင်မိပါတယ်။ အဲဒီခွေး ၃ကောင်ဟာ တကောင် အမြီး တကောင်ကိုက်လိုက်၊ ခေါင်းပေါ်ခုန်တက်လိုက်၊ ၃ ကောင် ပတ်လည်ပြေးလိုက်ကြနဲ့ ဆော့နေသလိုလို၊ ရန်ဖြစ်နေကြသလိုလိုပါ ။

ကျမလဲ ခွေးကြောက်သူမို့ သူတို့နဲ့ လွတ်ရာ လွတ်ကြောင်း ညာဖက် ပလက်ဖောင်း ကူးပြီး ဆက်လျောက်ပါ တယ် ။ နောက်ထပ်ရှေ့ကို ၁၀လှမ်းလောက် လှမ်းပြီးရုံရှိသေး အဲဒီခွေး၃ကောင် ပြေးလွှားရင်း ညာဖက် ပလက်ဖောင်းပေါ်ကို ရောက်လာကြ ပြန် ပါတယ် ။

ဒါနဲ့ ကျမလဲ ဘယ်ဖက် ပလက်ဖောင်းပြန်ကူး၊ သူတို့ ကလဲ လိုက်ကူးလာ၊ ကျမ ညာဖက်ပလက်ဖောင်းပြန်ကူး ၊ သူတို့ ကလဲ လိုက်ကူး နဲ့....

ကျမ နဲ့ အဲဒီခွေး ၃ကောင်ဟာ လမ်းပေါ်မှာ တော်တော်ကြီးကို ဘရုတ်သုတ်ခ ဖြစ်နေတာပါ ။

ဘယ် ညာပလက်ဖောင်းကို ဇစ်-ဇက် ပုံ ၄ ခေါက်လောက် ဖြတ်ကူး အပြီးမှာတော့ ကျမ လဲ တော်တော် ညစ်လာပါတယ် ။ ဒီခွေးမသား ၃ ကောင် သွေးရိုးသားရိုးမှ ဟုတ်ပါလေစ လို့တောင်တွေးမိရပါတယ် ။

အဲဒီ ၃ကောင်နဲ့ ကျမ ၂လံ တောင် မကွာတော့ပါဘူး ။ ကျမကဖြင့် ဂိုက်ပေးက ကြမ်းကြမ်းနဲ့ စကော်ပီယံ ဂိုဏ်းသားလိုလို၊ မာဖီးယား ဂိုင်းဝင်လိုလို ဆိုတော့ကာ...။ မသကာ ခွေးလိုက်ဆွဲ ရင်တောင်မှ "ကိုက်တာ အပြစ်လား...ဟာ ဟာ့ ဟာ....." လို့ ဆိုရလောက်အောင် ခွေး အပြစ်တော့ မဟုတ်ပါလေ ။

ဒါပေမဲ့ လည်း ဒီအရွယ်ကြီးကျကာမှ ဆေး၁၄လုံး ချက်မှာ ထိုးခံရရင်ဖြင့် မဟန်သေးဘူး မဟုတ်လား ။

ဘေးဘီ အကဲခတ်ရင်း အသာလေး နောက်လှည့်ကြည့်တော့မှ ကျမနဲ့ ခြေလှမ်း ၁၀ လှမ်း လောက် အကွာမှာ တရုတ်အမျိုးသား တယောက် တွေ့မိပါတယ် ။ ဒါနဲ့ ခဏလေးရပ်ရင်း ကျမ ဘေးနားရောက် လာအောင် စောင့်နေလိုက်ပါတယ် ။

"တဆိတ်လောက်ရှင် ကျမ ရှင့် ဘေးနားကနေ လိုက်လျောက်ပါရစေနော်"

ယဉ်ကျေးစွာနဲ့ ခွင့် တောင်းမိပါတယ်။ ငနဲသား မျက်နှာက ဖြဲစပ်စပ်ရယ် ။

"ရပါတယ် လျောက်ပေါ့ ဒါပေမဲ့ ဘာဖြစ်လို့လဲ"

ကျမကို အဲဒီလို ပြန်မေးတာကိုက သူ့ မျက်လုံးထဲမှာ ရယ်မြူးရိပ်တွေနဲ့ပါ ။ မဟုတ်မှလွဲရော ဒီငနဲ တော့ လမ်းမှာ ပိုက်ဆံကောက်ရလာတယ် ထင်ပါ့ ။

ကျမလဲ ခွေး ၃ကောင်ကို မေးငေါ့ ပြရင်း ...

"ဟိုမှာ တွေ့လား ငါ ခွေးကိုက်ခံရမှာ ကြောက်လို့ "

အဲဒီတော့မှ ငနဲသားက တ ဟား ဟား အော်ရယ်ပါတယ် ။ ကျမလဲ နဲနဲ တော့ တင်းသွားတာပေါ့ ။ ဘယ့်နှယ် အမျိုးသမီး တယောက် ခွေးကြောက်တတ်တာ ရယ်စရာလား။ ကျမ အတွေးမှ မဆုံးခင် သူ့ရဲ့ နောက်ဆက်တွဲ စကားကြောင့် ကျမမှာ သူနဲ့ အတူ လိုက်ပဲ ရယ်ရမလို၊ အော်ပဲ ငိုရမလို ဖြစ်သွားခဲ့ရပါတယ်။

"ဟားဟားဟား ခွေးကြောက်လို့လား စိတ်မရှိပါနဲ့နော် ငါက မင်းကို ဒါ လို့ ထင်နေတာ..." ဆိုပြီး သူ့ ညာဖက်လက်ညှိုး နဲ့ ညာဖက်နားထင်ကို ထောက်ပြီး လှည့်ပြလိုက်ပါတော့တယ် ။

ဘယ်အချိန်ကတည်းကများ ကျွန်မနဲ့ ခွေး၃ကောင်ရဲ့ ဗရုတ်သုတ်ခကို နောက်ကနေ ကြည့်နေတယ် မဆိုနိုင်ဘူး။ ကိုင်း ကောင်းကြသေးရဲ့လား ။ ကျမဖြင့် ရှေ့က ခွေး ၃ကောင် အကိုက်သာ ပြေး ခံလိုက် ချင်တော့တာ..။

ဘ၀ အမောတွေ ပြေကြပါစေ...။

Monday, December 7, 2009

ခရီးသွား ကြသူများ

တနေ့ တနေ့ တရွေ့ရွေ့သွား
အချိန်ရထား......
သူ့အလုပ် သူလုပ် မှန်မှန်ခုတ်နေတယ်.....။

အကြံအဖန်ထုတ်သူတွေ အမှန်အကန်လုပ်သူတွေ...
အတင်းစကားဆိုသူတွေ အချင်းများလိုသူတွေ...
ဇာတ်ရှုပ်နေသူတွေ အမြတ်ထုတ်နေသူတွေ...
အချစ်ချင်း တူသူတွေ အပြစ်ကင်း ဖြူသူတွေ...
သဘောကောက် အမှားကိုးနဲ့ ကျောနောက်ဓါးထိုး...တရားဆိုးသူတွေ...။

နိမ့် မြင့် ဆူ ကြုံ ကျော ရင် ဖြူ မဲ
မခွဲခြားပဲ အားလုံးကို ဆောင်တင်
ခရီးနှင်ဆဲ......။

သူတို့....သက်ရှုကွဲလည်း
လူချင်းတူမူ လားရာတူစွာ ....
ကံ ဇာတ်ဆရာရဲ့ လက်ထဲ
ကြိုးဆွဲရာ တလှုပ်လှုပ်
အချို ကုတ် (Coat) ထားတဲ့ ဆေးခါး
အမှားများစွာနဲ့ အသားကျ ရှင်သန် နေထိုင် ကြရင်းက...
အချိန်တန်တော့ အိမ်ပြန်ရ ....
ခြောက်ပေ ကျယ်တဲ့ကျင်းအတွင်း ခုန်ဆင်းကြရတယ်...။

အချိန်ရထားကြီးကတော့...
သူ့လက်တံတွေ သူရွှေ့ရင်း
ခရီးပြင်းနှင်မြဲ ခုတ်မောင်းဆဲလေ...။

ဘဝ အမောတွေ ပြေကြပါစေ...။

Friday, December 4, 2009

တလသား ဘလော့ဂ်လေးရဲ့ ရင်ခုန်သံ

နိုဝင်ဘာ ၅ရက်နေ့က စခဲ့တဲ့ ကျမရဲ့ ဘလော့ဂ်လေး ခု ဒီဇင်ဘာ ၄ရက်နေ့မှာ တလ တိတိ ပြည့်ခဲ့ပါပြီ။

ဒီဘလော့ဂ်လေးကို အသက်သွင်းပေးခဲ့တဲ့ ကျမရဲ့ ချစ်သူငယ်ချင်းလေး သက်ဝေ ၊စနေ တနင်္ဂနွေ ကျမ ဟင်းချက်ဖို့ မီးဖိုချောင် ဝင်တဲ့အခါ "လာမရှုပ်နဲ့ သွား ကိုယ့်ဘာသာ စာသွားရေးနေ" လို့ နှင်ထုတ်တတ်တဲ့ ချစ်သူငယ်ချင်း ခိုင်၊ ကျမ စာရေးနေတဲ့အခါ၊ ဘလော့ဂ်လည်နေတဲ့ အခါတွေမှာ သူ့ အဝတ်သူ မီးပူထိုးဝတ်ရှာတဲ့ ကျမရဲ့ ချစ်ခင်ပွန်း၊ အဓိက ကျလွန်းတဲ့ ကျမရဲ့ ဘလော့ဂ်ဖတ် ပရိသတ်တွေ၊ ဘလော့ဂ်ဂါမောင်နှမတွေ အားလုံးကို ကျမ ရင်ထဲကနေ နှစ်နှစ်ကာကာ ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။

Thank You Myspace Comments


ကော်မန့်တွေရေးသွား၊ စီဘုံးထဲပြောသွားခဲ့ကြတဲ့ စာဖတ်သူတွေနဲ့ ဘလော့ဂ်နီးချင်းတွေ အားလုံးကိုလဲ အရမ်း အရမ်းကို ကျေးဇူးတင်ရပါတယ်။ တခါတလေ စီနီယာဘလော့ဂ်ဂါ ကြီးများ ဖတ်, မန့် သွားတဲ့အခါများ ဆိုရင်တော့ ဒီဂရီရပြီးသားသူတွေ မူလတန်းစာလာဖတ် သလိုများ ဖြစ်နေပြီထင်ပါရဲ့လို့ အားတုံ့ အားနာ တွေးမိပါရဲ့...။

ဒါပေမဲ့ , အဲဒါတွေကိုက ကျမ အတွက် အင်အားတွေပါ။ ဖတ်ရင်းနဲ့ ပျော်ရပါတယ်။ အဲဒါအပြင် မိုးမခ မီဒီယာက ကျမရဲ့ ပထမဦးဆုံးတင်ခဲ့တဲ့ပို့စ်လေးကို ကုတ်ထားတော့ ပိုပြီးပျော်ရတာပေါ့ ။ အပျော်ပေါ် အပျော်ဆင့်လို့ အပျော် နှစ်ထပ်ကွမ်းခဲ့ရပါတယ် ။

ဘာနဲ့ တူသလဲ ဆိုတော့ကာ ကျမ တိတ်တိတ်လေး ချစ်ကျွမ်းဝင်နေခဲ့ရတဲ့ အမျိုးကောင်းသား ကလေးက ချစ်စကားဆိုပြီး တချိန်ထဲမှာပဲ လက်ထပ်ခွင့်တောင်းသလိုပါ။ ခဏခဏ အကုတ်ခံနေရတဲ့ ဘလော့ဂ်ဂါ ကြီးတွေအတွက်တော့ အဲလောက် ပျော်ပါ့မလား မသိပါဘူး။

ဒီတလ အတွင်းရေးပြီးခဲ့သမျှတွေ ပြန်ကြည့်တဲ့အခါ အပျော်စာ နဲ့ သရော်စာတွေ ရေးဖြစ် ခဲ့တာ များပါတယ်။ ကျမ ကိုယ်တိုင်က ပျော်တတ်တာပါ။ ပြီးတော့ ကျမက အတွေးနုနု အရေးလဲနု ပါသေးတယ်။ ဘလော့ဂ်တွေ တော်တော် များများ ဝင်ဖတ်ပြီးတဲ့အခါ ကိုယ့်စာ တွေကို ဘယ်နားသွားဖွက်ရမှန်းတောင် မသိအောင်ပါပဲ။ အရေး ရော အတွေးပါ ကောင်းလိုက်ကြတာ...။ တကယ်ကို အားကျမိပါရဲ့...။

ကျမ ရေးချင်နေခဲ့ပြီး မရေးဖြစ်သေးတဲ့ အကြောင်းတွေ ရှိပါသေးတယ်။ ဘာသာရေး နဲ့ အချစ်ဝတ္ထုတွေပါ။ ဘာသာရေးကိုတော့ အချိန်လေး နဲနဲယူပြီး ရေးရပါမယ်။

အဲ...အချစ်ဝတ္ထုလေးတွေ ရေးဖို့ဆိုရင်တော့ ကျမရဲ့ နှလုံးသားကို လွန်ခဲ့တဲ့ အနှစ်၂၀ လောက် ဘက်ဂီယာ ပြန်ထိုးပြီး ခံစားမှ ရမယ်ထင်ပါရဲ့။
ဒါဖြင့် ခု အချစ်မရှိဘူးလား အိမ်ကလူကြီးက ဘာလဲ ဆိုရင်ဖြင့် သူက အချစ်ထက် ပိုလွန်သော...လို့ ဆိုချင်ပါတယ်။

တချို့ကလဲ ချစ်ကြည်အေး ဆိုတာ ဘယ်လို အမကြီးပါလိမ့်လို့ သိချင်ပုံရပါတယ်။ ရယ်စရာတွေ၊ ပေါတိပေါချာတွေ ရေးနေလို့ တော်ကြာ မချစ်ကြည် တဆယ်ဖိုး ၃ ခု လို့ ထင်မှာလဲစိုးရသေး။

တနေ့ကတော့ ခင်မင်နေတဲ့ အကိုကြီးတယောက် သူဘလော့ဂ်တွေ ဖတ်လေ့ရှိတယ်ဆိုလို့ ဒီဘလော့ဂ်လေး ဖတ်ကြည့်လို့ ပေးလိုက်မိပါတယ်။ နောက်နှစ်ရက်လောက်ကျတော့ ဖုန်းထဲကနေ ညီမ ဘလော့ဂ်လေး မဆိုးဘူး၊ အားပေးတယ် ဆက်ရေးလို့ ဆိုလာပါတယ်။ ဟမ်...ကျမ ရဲ့ ဘလော့ဂ်လို့လဲ မပြောလိုက်မိပဲနဲ့။

ခက်ပြီ လူကလဲ အငြိမ်မနေ တတ်တာနဲ့တော့ ။ တော်ကြာ လမ်းထိပ်က လော်စပီကာကြီးလို ဖြစ်နေအုံးမယ်။

"သာဓုပါခင်ဗျာ..သာဓုပါ...ခုလို စေတနာသုံးတန် ပြဌာန်းပြီး လှူဒါန်းတဲ့အတွက် ကျနော်များ ဥပဿကာ အဖွဲ့မှ မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျ...ဗျာ..ဪ...ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျာ...အမည်မဖော်လိုသူ ဟိုတဖက်လမ်း ၁၃ လမ်းထိပ်က လူပျိုကြီး ကိုကြင်မြ က ငါးရာပါတဲ့ ခင်ဗျား"


ဘဝ အမောတွေ ပြေကြပါစေ...။



Image Source : www.mynicespace.com

Wednesday, December 2, 2009

ဖြေကြည့် ကြစေချင်တယ်....

ဒီနေ့တော့ ယမမင်းကြီး စီရင်ချက်ချမှတ်ဖို့ ငရဲသား ၃ ယောက် ရှိတယ်။

သူတို့မှာ အပြစ်ရယ်လို့ မယ်မယ်ရရ မရှိပဲ အမြင်ကတ်ပုဒ်မနဲ့ ဒယ်အိုးထဲ ထည့်ဖို့
လျာထားခံရတာ ဆိုတော့ ယမမင်းကြီးများ စိတ်ပြောင်းပြီး လွှတ်ပေးလိုက်လေမလား
ရယ်လို့ အသနားခံစာတင်ခြင်း ဖြစ်တယ်။ ယမမင်းကြီး အနေနဲ့ ကျတော့လဲ စွဲချက်တင်
ပြီးသားမို့ လွှတ်ပေးရိုး ထုံးစံ မရှိချင်တာကြောင့် အကြံအဖန်လုပ်ဖို့ စဉ်းစားပြီးသားပေါ့။

မေးခွန်းတခု မေးမယ်၊ စိတ်ကျေနပ်အောင် ဖြေနိုင်ခဲ့ရင်တော့ လူ့ပြည်ပြန် လွှတ်ပေးမယ်
မဟုတ်လို့ကတော့ ဒယ်အိုး ကြည့်ထား လို့ဆိုသတဲ့။

ယမမင်းကြီး လက်ထဲကိုင်ထားတဲ့ တင်းပုတ်လိုဟာကြီးနဲ့ စားပွဲကို တချက်ထုလိုက်တယ်
ဆိုရင်ပဲ ပရိသတ်တွေ အားလုံး ငြိမ်သက်သွားကြတယ်။

ကဲ ခု မေးခွန်း စမေးတော့မယ်ဆိုတော့ ငြိမ် သွားကြတာပေါ့။

ယမမင်းကြီး : မသိသူကျော်သွား ၊ သိသူဖော်စား ဆိုတာကြားဖူးပါစ၊ မောင်မင်းတို့သာ
ဆိုရင် ကျော်သွားမလား၊ ဖော်စားမှာလား တယောက်ချင်း ဖြေပါ။

ပထမငရဲသား : (အင်း ကျော်သွားမယ်ဆိုရင်ဖြင့် မသိလို့ ဖြစ်တော့မယ်...)
မှန်ပါ ကျနော်မျိုး သိသူမို့ ဖော်စား ပါ့မယ်။

ယမမင်းကြီး : တယ်...လုံ့လ ဝိရီယမှ မစိုက်ထုတ်ချင်ပါပဲ အချောင်မျက်စိနဲ့
လောဘကောင် မျိုးကိုး.......ကဲ ဒယ်အိုးထဲ....ထည့်....စေ...။

ပထမငရဲသားဖြင့် ယမမင်းကြီးရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံး နှစ်ယောက်ကြား ယက်ကန်ယက်ကန် ပါသွားလေရဲ့။

ဒုတိယငရဲသား : (အင်း ဒါဆိုရင်တော့ ဖော်စားလို့ မဖြစ်ချေဘူး..မဖြစ်ချေဘူး....)
ကျနော်မျိုးကတော့ မသိလို့ ကျော်သွားပါမယ်။

ယမမင်းကြီး : အို.......မသိမှု အဝိဇ္ဇာဖုံးလို့ မောဟများတဲ့ ဒီငမိုက်သား ဒယ်အိုးထဲ
ထည့်.....စေ...။

အရင်လူ အတိုင်းပဲ ယမမင်းကြီးရဲ့ ဘယ်လက်ရုံး ညာလက်ရုံး နှစ်ယောက်ကြား ယက်ကန်ယက်ကန် ပါသွားပြန်တယ်။

တတိယ ငရဲသား : (ပါးနပ်လည်ပတ်သူ ဖြစ်ရာ ရှေ့ အဖြေများနှင့် ခွဲထွက်အောင်ဖြေသည်)
မှန်ပါ...မသိလို့ ကျော်သွားပြီးကာမှ သိလို့ ပြန်လာဖော်စား ပါ့မယ်။

ယမမင်းကြီး : တယ်...မသိရအောင် မောဟဖုံးတဲ့ အပြင်၊ လိုချင်လောဘကလဲ ကြီးပြန်ပါပေတယ်...ကဲ ကဲ တဝက်လူ့ပြည်ပို့ ပြီးကျန်တဝက် ဒယ်အိုး ထဲထည့်စေ...။

ကိုင်း...လောကကြီးမှာ ယမမင်းကြီးလို အချိုလဲ ချက်မရ၊ အချဉ်လဲချက်မရတဲ့ လူ-လဒ
တွေ အများကြီးရှိလေရဲ့။

အဲဒီနောက်မှာတော့ "အလျောက်ကောင်းရင် အထောင်းသက်သာ" ဆိုတဲ့ စကားပုံရဲ့နောက်ဆက်တွဲ "အလျောက်ကောင်းတိုင်း အထောင်းမလွတ်" ဆိုတာ ပေါ်လာပါတော့တယ်။


ဘဝ အမောတွေ ပြေကြပါစေ....။

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...