Saturday, November 7, 2009

ဝလုံး.. ရေ.. တဲ့မှ.. ဝ

ခုတလော အပြင်ထွက်ရမှာကို... ကြောက်နေတာ...၊ အရင်ကဆို တက်ကြွလိုက်တာမှ... သွားကြရအောင်ဆို ကိုယ်က အခုလား ပြင်ပြီးသား ဆိုတာမျိုး..။ အင်း... အသက် အရွယ် နဲ့လဲ ဆိုင်တယ် ထင်ပါရဲ့။ အိမ်ထောင်ကျခါစက မိန်းမ ခပ်ဝဝ တွေ တွေ့ရင်... "အို...အမျိုးသမီးတွေများ မျက်နှာလေးကချစ်စရာ... ကြည့်ကောင်းပါရက်ကနဲ့ ကိုယ်လုံးကြီးက မထိန်းထားဘူး၊ ကိုယ်သာဆို အဲလိုမဖြစ်စေရဘူး သိလား... ထိန်းထားမှာ"လို့ ပြောခဲ့ဖူးတာ..။

၂၀-၂၅ လောက်ထိ ပိန်ပိန်လေးမို့... ဝချင်လိုက်တာများ...။ ဘာစားစား မဝဘူး... အဆီစားလို့မှ အသား မဖြစ်တဲ့ ကိုယ်...။ ၃၀ ကျော်ကျ ပြန်တော့ နဲနဲလေး တက်လာတာသိရင် တပတ်-နှစ်ပတ်လောက်လျှော့လိုက်ရင်ရပြီ။ ကိုယ်ဝတ်ချင်တဲ့ အင်္ကျီတော်အောင်လို့လေ။ အဲ ၄၀ လေးလည်း ကျော်စပြု လာရော.. စတော့တာပဲ..၊ အရင်က ဘာစားစား မဝတဲ့ ကိုယ်၊ ခုတော့ ဘာမှ မစားလဲ ဝတဲ့ကိုယ် ဖြစ်လာရော...။ ဘုရား ဘုရား.. ဝဇီဗေဒ ထိတိုင်းရှသတဲ့.. သူများတွေကို ပြောမိခဲ့လို့များလား...၊ အဲဒီ မိန်းမ ကြီးတွေ စင်္ကာပူ တမြို့ လုံး ပတ်ရှာပြီး တောင်းပန်မှ ထင်ပါရဲ့...။

အပြင်သွားခါနီးများ တော်နေသေးတဲ့ ၊ ဝတ်လို့လဲလှနေသေးတဲ့ အင်္ကျီရှာဝတ်ရတာက တဒုက္ခ...။ အိမ်ကလူကြီးကလဲ အပြင်သွားခါနီးမို့ သူအရင်ပြီးနေရင် လောပြီ... "ဟေ့ ကြာလှချည်လားကွ လှည်းအိုကြီးရေနံသုတ်နေတာလား..." တဲ့လေ။

တွေ့တဲ့သူတွေကလဲ... "နေကောင်းလား၊ မတွေ့တာကြာပြီနော်"... တော်ရောပေါ့... ဒီလောက်ဆို၊ "ဟယ်..အမ ဝလာတယ်နော်" က နောက်က ပါလာသေး၊ အဲဒါနဲ့ မပြီးသေးဘူး.."လျှော့အုံးလေ အမရဲ့"တဲ့။ ဟင်း ......... (သက်ပြင်းအကြီးကြီးချ)။

အမျိုးသမီးတော်တော် များများ မှန်ကြိုက်တယ်။ အိမ်မှာရှိတဲ့ မှန်မပြောနဲ့... အပြင်သွား လို့ ကိုယ့် အရိပ်ပြန်မြင်ရတဲ့ မှန်ပြူတင်းပေါက်တို့၊ ရှော့ပင်းမော အဝင် တံခါးပေါက်တို့ များ ဖြတ်သွားမိရင် အနဲဆုံး ခေါင်းလေးတချက်လောက်တော့ ငဲ့ကြည့်လိုက်ရမှ...။ အဲဒီမှာ..ဘေးတစောင်း ရပ်ရက်.. ထူပျစ်ပျစ် ပွဖောင်းဖောင်း ခန္ဓာကိုယ်...၊ လက်မောင်းလုံးကြီးတွေများ ကေအက်ဖ်စီ ကြက်ပေါင်ကို မှန်ပြောင်း နဲ့ ကြည့် ရသလို...၊ အနီးကပ်များကြည့်လို့ကတော့ မေးစေ့ နှစ်ထပ် အစ်အစ်ကြီးတောင်တွေ့ရ အုံးမယ်..။ အဲလို အလှဖွဲ့ (အဲ..အဝဖွဲ့ ဆိုပိုသင့်တော်မယ်ထင်ပ) ဖွဲ့ လို့ရတဲ့ မိန်းမကြီးတယောက်ပုံ မြင်နေရတော့တာ...။ ရင်ဘတ်ပြီးရင်... ခါးမဟုတ်ပဲ ဗိုက်တန်းရောက်သွားရော....။

စလင်းမင်းတီးတို့၊ စလင်းမင်းစန်တာ တို့ ကြော်ငြာတွေတွေ့လဲ လုပ်ရဲပါဘူး... အညာတွေ ဖြစ်နေမှ...။ အစားလေး နဲနဲတော့လျှော့မှဆိုလဲ ..အများဆုံး၃ရက်ပဲ၊ အိမ်ကလူကြီး အစားအိုးကို ချက်ကျွေးနေရတော့လေ သူခံတွင်းတွေ့မဲ့ ဟင်းစပ်ကလေးတွေချက်ရင်း ကိုယ်ချည်းပဲ ထမင်းပွဲက တွဲ ထရတယ်။ အင်း... ဒီနေ့ဟင်းလေးတွေက အကြိုက်တွေ ဆိုတော့ စားလိုက်ပါအုံးမယ်လေ... နက်ဖန်ကျ နဲနဲလျှော့ စားမပေါ့ ဆိုတာ မျိုးက ခဏ ခဏ။ နက်ဖန်.. သို့မဟုတ် ဘယ်သောအခါ... အဲဒီသီချင်းနဲ့ သူက စလေ့ ရှိတယ်...။ ပြီးတော့... ငယ်ကျွမ်းဆွေသီချင်းကို ဖျက်ပြီး..."ငယ်သူငယ်ချင်းရေ... ခုတော့... ဒေါ်ဘုတ်ဆုံ"... တဲ့လေ။

တခါတော့ ပါဝါရိုက်ဒါ (စက်ဘီးလိုခွထိုင်ပြီး ခြေထောက်ကလဲနင်း လက်ကလဲ ဆွဲမကစားရတဲ့ ဝိတ်ချစက်ပါ) လျှော့ဈေးချနေတာ လိုချင်လှချေရဲ့ ဆိုလို့ ဝယ်ပေးလာရှာတယ်...။ ဘာပြောကောင်းမလဲ... တလလောက်တော့ ဇွဲနဲ့ လုပ်ပါရဲ့... ကြာတော့ အဲဒါကြီးလုပ်ရင် ကြွက်တက်လို့... ဇက်နာလို့နဲ့... တခန်းရပ်သွားပြန်ပါတယ်....။ အဲဒီစက်လက်ကိုင်ပေါ် သူ့ အဝတ်တွေ လာပြီး ချိတ်လိုက် လှမ်းလိုက်နဲ့ "ဒီတခါ မိန်းမ ဝယ်လိုက်တဲ့ ဟန်ဂါ က အကောင်း ဆုံး ပဲဟေ့ နောက်အနှစ်၂၀ လောက်ဆို ဒါကြီးဈေးတက်လောက်ပြီ... မိန်းမက အကြံ ပိုင်တယ်ကွာ" တဲ့လေ။ အမြင်ကပ်စရာ...။

"ဝလဲ ဘာဖြစ်လဲကွာ... အရေးကြီးတာ မိန်းမ ပျော်ရွှင်ကျန်းမာနေဖို့ ပဲ" လို့တော့ပြောရှာသား...။ တရက်က အပြင်ထွက်တော့ မိန်းမ ဝဝ ကြီးတယောက် ပေါင် ၃၀၀ လောက် ရှိမယ် တွေ့တော့ မေးကြည့်မိတယ်..။ "တကယ်လို့များ မိန်းမ အဲလောက်ကြီး ဝလာရင်ရော"... လို့။ သူက "စိတ်မပူပါနဲ့ချစ်ရယ်... ကိုကို စင်္ကာပူရေးဗား ထဲခုန်ချရုံပေါ့..." တဲ့ လေ ။

ဘဝအမောတွေ ပြေကြပါစေ...



၀၇.၁၁.၀၉, ၀၇း၄၅ နာရီ

19 comments:

nu-san said...

မမသက်ဝေဘလောခ့်မှာတွေ့လို့ လိုက်လာတာ.. ကြိုဆိုပါတယ် အမရေ.. စာတွေအများကြီး ရေးနိုင်ပါစေ... :)

အမရေးထားတာ ဖတ်ပြီး ရီလိုက်ရတာ.. :D

T T Sweet said...

ဟားဟား ... ရေးထားတာရယ်တယ် ... ဘ၀တူတွေ လာတွေ့နေပြီ။ မသက်ဝေသူငယ်ချင်းဆိုတော့ ကိုယ့်သူငယ်ချင်းလားလို့ ခန့်မှန်းမလို့ဟာ ပို့စ်နည်းသေးလို့ ဘယ်သူမှန်းမသိသေးဘူး ...လာဖတ်မယ်နော် ...

ချစ်ကြည်အေး said...

ကျေးဇူး ညီမလေး ...နောက်လဲ လာရီပါအုံး နော်...

ချစ်ကြည်အေး said...

ဟုတ်ပ မဆွိရယ်...ဝလုံး ရေးဖို့ ဝေးဝေး ရှာနေစရာ မလိုပေါင်...

rose of sharon said...

သက်ဝေဘလော့ကနေလာလည်တာပါ...ကြိုဆိုပါတယ်.... ၃၀ကျော်ထဲက ဝလာတယ်လို့ အပြောခံနေရပြီ...အဟင့်

PAUK said...

မမဝ ဆီ အဲ့လေ..
မချစ်ကြည် ဆီလာလည်ပါတယ်..။။
မသက်ဝေဆီရောက်ရင်းနဲ့ ပါ။။

Kay said...

မသက်ဝေ ပို့လိုက်တာ..။
ဟဲ.. မီးမီး ရေးချင်တာ ရေးလို့ ရပြီ တဲ့လား.. ( မ) လို့ပဲ ခေါ်တော့မယ်။ ( အမ) မဟုတ်ဘူးနော်။း)

အ၀ ဗေဒ ကတော့... ဒီလိုပြောကြတယ်.. မိန်းမတွေက..ပိန်ရင်..ပါးက..အရင်ပိန်ပြီး..၀ ရင် ဗိုက်က..အရင်ဝ တယ် တဲ့..။
စလုံးမ ပိန်ညောင်ရိုး တွေ ကိုတော့.. အ၇မ်း အားမကျပါနဲ့..မရယ်.. ။ မသကာ..တင်တင်မူ တို့ ကြည်ကြည်ဌေးတို့..စိုးမြတ်သူဇာ တို့ ဆိုဇ် လောက်ဆို.. တော်ရောပေါ့။

ခင်မင်စွာဖြင့်.. နှုတ်ဆက်.. လည်ပတ်သွားပါကြောင်း

Moe Cho Thinn said...

ဘ၀တူတွေ လာတွေ့နေပါပေါ့လား။
ချိုသင်းကိုတော့ ဘော်လုံးနဲ့တူလို့ ချစ်တာ လို့ ပြောထားလို့ သူချစ်အောင် လုပ်နေတယ်လို့ပဲ မှတ်ပါတယ်။ :))

P.Ti said...

ဟားဟား နောက်ဆို စင်ကာပူမြစ်မရှိတော့ဘူးလို့ ပြောလိုက်အမ...

အမချိုသင်း အမကတော့ နဂိုတည်းက ၀၀ ချစ်စရာလေးပါ။ ဘောလုံးနဲ့တူတယ်ဆိုတော့ ကန်တော့မထုတ်လောက်ပါဘူးနော်... အဟိ.

pandora said...

ဟုတ်တယ်
ကိုယ်တိုင်လည်း အရင်ကနဲ့ စာရင် ၀ လာလို့ စိတ်ညစ်နေတယ်။ ဒါပေမယ့် အနေတော်လောက်ပါပဲ။ လှနေပါသေးတယ် (ဟဲ.. ဖြေသိမ့်ထားရတယ်။)

ချစ်ကြည်အေး said...

ရို့စ် ..ပေါက်...ကေ..ချိုသင်း..ပီတိ...မပန်..လာဖတ်သွားလို့ ကျေးဇူးပါ...စီနီယာ ဘလော့ဂ်ဂါကြီး တွေ ရဲ့ အားပေးမှု ကြောင့် အားတက်ရပါတယ်...လင့်ခ်လေးတွေ လာယူပါရစေ ရှင်...
ဝ တာတွေ စာစီရရင်တော့ ကိုရီးယားကား ရှည်တယ်ဆိုတာ...ဘာဟုတ်လို့တုန်း...:D

Bino said...

"စိတ်မပူပါနဲ့ချစ်ရယ်... ကိုကို စင်္ကာပူရေးဗား ထဲခုန်ချရုံပေါ့..." တဲ့ လေ ။
Hay! That is Gr8.
Carry on man.

BINO

အပြုံးပန်း said...

မသက်ဝေဆီက လာတာပါ။
ခင်စရာကောင်းမယ့်ပုံပဲ။

ဝတာကို လျှော့သင့်မှန်းသိပေမယ့် မလျှော့မိသေးတဲ့အထဲမှာ
ညီမလည်းပါပါတယ်။
အိမ်က အဖော်မွန်ကတော့ ဆိုင်က အရုပ်တွေပေါ်မှာ အိကျီလှလှလေးတွေ့လို့ “လှတယ်နော်၊ ၀တ်ချင်သား” လို့ပြောရင် ဘာပြောလဲသိလား၊
“၀တ်ချင်ရင် သူတို့လို ဖြစ်အောင်အရင်လုပ်”တဲ့။
:)

Rita said...

ဟမ်
အဲလို ဝ တတ်တယ်လား ဟင်။

INGJIN THANT said...

အစ်မရေ...တကယ်ရီရအောင်ရေးလည်းရေးတတ်ပါရဲ့...
နောက်လည်းအဲဒီလိုရီစရာလေးတွေများများရေးပါဦး....
သြော်...မေ့တော့မလို့...
အစ်မ လင်ခ့်လေးယူသွားတယ်နော်.... :)

သက်ဝေ said...

ဟွန့်..........
ဝတဲ့အကြောင်းများတော့ မပြောချင်ပေါင်...
အမေ့ခံထားလိုက်တယ်... အေးရော... :-P

Anonymous said...

သက်ဝေက ၀လို့လား...
ပိန်ပိန်လေးဆို...

Anonymous said...

:) အစ်မဘယ်သူဆိုတာ ..သိသလားလို့။
မှားရင်လဲ မှားမှာပေါ့လေ။
mm

ဝေလင်း said...

အင်း..ဟုတ်တယ်နော်။ ကိုယ်အလေးချိန်ထိန်းတဲ့နေရာမှာတော့ မြန်မာမတွေက ညံ့သေးသလိုပဲ။ (ဒုက္ခပဲ blogger အစ်မတွေတော့ ရိုက်ချင်တော့မယ်) ခင်သန်းနုကို အတုယူပေါ့နော...
အရေးအသားနဲ့ ပတ်သက်ရင်တော့ ရီရတယ်ဗျ။ ပေါ့ပေါ့ပါးပါးနဲ့။
ခုမှမန့်လို့ စိတ်မဆိုးကြေးနော် အစ်မ။ ခုမှ အားလို့ အဟောင်းလေးတွေ ပြန်ဖတ်လိုက်တာ။ ဖတ်လို့ ကောင်းတဲ့ စာတွေ့ပြန်ရင် မမန့်ပဲမနေနိုင်ဘူးဗျာ..။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်