Saturday, November 28, 2009

ဘလော့ဂ် ကိုက်ခြင်း

ကျမရဲ့ အိပ်စက်ခြင်းများ
ဘလော့ဂ် ဆိုတဲ့ ကာလနဂါး
ဝါးမြိုလို့ စားခဲ့ပေါ့........။

မနက်လင်းတော့ ထ.....၊
ကျမ...
အမှတ်သညာ မရှိ
ဘလော့ဂ် ဝင်ပြန်၏...။

ဘဝ အမောတွေ ပြေကြပါစေ....။



ကျမ လိုပဲ တမ်းမက်ရူးသွပ်စွာ ၊ ဒါကိုပဲ နှစ်လိုစွဲလန်းစွာ ဘလော့ဂ် ကိုက်ခြင်းခံနေကြသော ဘလော့ဂ်ဂါ မောင်နှမများ အားလုံးအတွက် ရင်ခုန်သံ ကြိမ်နှုန်းခြင်းတူစွာ ချစ်ခင်ခြင်း များစွာဖြင့် ရေးဖွဲ့ပါသည်....။

Tuesday, November 24, 2009

ကျမနှင့် သူခိုးဖမ်းခြင်း

ဘာရယ်မှန်းတော့ အတိအကျ မပြောတတ်ပါ။ ကျမနဲ့ အနီးအနားမှာ တခုခုမဟုတ်တာလုပ်နေပြီ၊    ဖြစ်နေပြီဆိုရင် ကျမစိတ်ထဲ ကြွက်နံ့ ရတဲ့ကြောင်လို လှုပ်လှုပ် ရှားရှား ခံစားလာရတတ်ပါတယ်။ကျမ မလေးရှားမှာ ၁၉၉၅-၉၆ တုန်းက တနှစ်ကို အလုပ် ၁ခု နှုန်းနဲ့ အလုပ် ၂ခုလုပ်ခဲ့ပါတယ်။ ကျမ ခု ရေးမဲ့ အဖြစ်အပျက်က ဒုတိယအလုပ်မှာ ဖြစ်ခဲ့တာပါ။

စင်္ကာပူမှာ PR, S pass, WP, EP တို့ ရှိပြီး သက်တမ်း ၁နှစ်၊ ၂နှစ်၊ ၅နှစ် စသည်ဖြင့် ပေးသလိုပဲ မလေးရှားမှာလဲ နိုင်ငံခြားသားတွေအတွက် O(အို) Pass ဆိုတာရှိပါတယ်။ အဲ..သက်တမ်းကတော့ ရဲမမိမချင်း ဆိုပါတော့ :)

ဟုတ်ကဲ့..ကျမ အဲဒီ အိုပတ်စ် နဲ့ ၂နှစ်တိတိ ခပ်တည်တည် နေခဲ့ပါတယ်။

**********************************
ကျမက နာမည်ကြီး Dim Sum နဲ့ Sea Foods ရောင်းတဲ့ စားသောက်ဆိုင်ကြီးတဆိုင်ရဲ့ စာရင်းဌာနမှာ လုပ်ရပါတယ်။ စာရင်းဌာနဆိုလို့ တခုလုံးမှာ ကျမနဲ့Ms. Lee ဆိုတဲ့ တရုပ်မ ပေါင်း၂ယောက်ပဲရှိပြီး သူကလဲ တပတ် ၃ရက်ပဲ လာတာပါ။

စားသောက်ဆိုင်က ခြံဝန်းကျယ်ကြီးရဲ့ တဖက်ခြမ်းကပ် ဆောက်ထားတာဖြစ်ပြီး၊အလုပ်သမားတွေနေဖို့   လေအေးစက်အပြည့်တပ် ကွန်တိန်နာတွေကို စားသောက်ဆိုင်ရဲ့ နောက်ဖက်ထဲမှာ စီတန်းထားပုံက အယ်လ်ရှိပ်ပုံ(L Shape) ပါ။ ကျန်တဲ့မြေပိုကတော့ Car Park ပေါ့။

စားသောက်ဆိုင်မှာ အလုပ်သမားတွေက မြန်မာ၊ တရုတ်၊ မလေး နဲ့ နီပေါ လူမျိုးတွေပါ။ သူတို့နိုင်ငံသား ကလွဲလို့ ကျန်တဲ့ နိုင်ငံခြားသားတွေ အားလုံးက ကျမပြောခဲ့တဲ့ အိုပတ်စ်နဲ့ နေကြရတာပါ။ ရဲတွေကဖြင့် ဆိုင်ထဲ ဝင်ချည် ထွက်ချည်ရယ်၊ သူဌေးက ရဲတွေနဲ့ ပေါင်းထားတာဆိုတော့ ဆိုင်ထဲမှာ ဖြစ်သမျှတာဝန်ယူပြီး ဆိုင်ပြင်က ပြသာနာတော့ ကိုယ့်ဘာသာဖြေရှင်းကြရပါတယ်။

တနေ့ သူဌေးက ကျမကို စကားခေါ်ပြောပါတယ်။ ကျမက ၅ရက်ခွဲပဲ လုပ်ရတာဆိုတော့ ကျန်တဲ့ စနေ ညပိုင်းနဲ့ တနင်္ဂနွေနေ့တွေ စားသောက်ဆိုင်မှာ Cashierလုပ်ပေးဖို့ပါ။ ကျမကတော့ အိုကေပေါ့၊ အဲဒီအတွက် ပိုက်ဆံလဲ ပိုရမှာကိုး။ဒါနဲ့ ကျမလဲ စာရင်းကိုင် တဖြစ်လဲ ငွေကိုင်ဖြစ်ရပါတော့တယ်။

**********************************
တရက် တနင်္လာနေ့ ကျမ ရုံးပြန်ဆင်းတော့ စိတ်ထဲမှာ မနေ့က စားသောက်ဆိုင်ရဲ့ ဘီလ်တွေ ပြန်စစ်ချင်နေ မိတယ်။ ခါတိုင်းဆို နောက် ၂ရက်လောက်ကြာမှဆိုင်မန်နေဂျာ စစ်ဆေး၊ အတည်ပြုဆိုင်းထိုးပြီးမှ ကျမဆီရောက်လာနေကျလေ။

ကျမစိတ်ထဲ စစ်ကိုစစ်ချင်နေခဲ့တော့ ဆိုင်ကိုဖုန်းဆက်၊ မန်နေဂျာ ဆိုင်းထိုးပေးဖို့ပြောပြီး စားပွဲထိုးလေး တယောက်ကို လာပို့ပေးခိုင်းဖို့ပါ မှာလိုက်ပါတယ်။

နေ့လည်ကျတော့ ကျမဆီ အဲဒီဘီလ်တွေ တထပ်ကြီး ရောက်လာတော့တယ်။ အဲဒီမှာ မသင်္ကာစရာ ဘီလ်တစောင် ကျမ သွားတွေ့ပါတယ်။ အဲဒီဘီလ်က မနေ့က မနက်ပိုင်းမှာ ကျမ ထုတ်ထားခဲ့တာပါ။ ကျမကောင်းကောင်းကြီး မှတ်မိနေတယ်...အဲဒီဝိုင်းက လူနဲနဲလေးနဲ့ ပွဲတွေ အများကြီးမှာစားတဲ့ ဝိုင်းဖြစ်နေလို့ပါ။ ကျမထုတ်ပေးခဲ့တဲ့ ဘီလ်က ရင်းဂစ်$ ၃၀၀ ကျော်ပါ၊ ခုတော့ ၁၀၀ ကျော်ပဲဖြစ်နေတာ၊
တခုခုတော့ မှားနေတာ သေချာနေပါပြီ။

ဒါနဲ့ ကျမလဲ မီးဖိုချောင်က ဟင်းပွဲစာရင်းတွေပါ ထပ်ယူပြီး တခုချင်းစစ်လိုက်မှ...သိလိုက်ရပါတော့တယ်။ ဒင်းကလေးက ၃၀၀ ကျော်တန်ဘီလ်ကိုပြင် ၊ ၁၀၀ ကျော်လုပ်ပြီး ပိုတာကို အိတ်ထဲ ထည့်တာကိုး။
ကျမတို့ ဘီလ်ရဲ့ အနောက်မှာ မှာစားထားတဲ့ ဟင်းပွဲစာရွက်လေးတွဲလျှက်ပါတာ၊သူက အသစ် ထပ်ရေးပြီး ပြန်တွဲ၊ ဘီလ်ကိုလဲ ပြန်ပြင်ထားတာဆိုတော့ သာမန်ကြည့်မယ်ဆို လုံးဝကို မသိနိုင်တာပါ။

ကံဆိုးချင်တော့ သူက ကျမ ထုတ်ထားတဲ့၊ မှတ်မှတ်ယယလဲ ဖြစ်နေတဲ့ ဘီလ်ကိုမှပြင်မိရှာတာ။ ဒါပေမဲ့ မီးဖိုထဲပို့တဲ့ ဟင်းပွဲကော်ပီကိုတော့ သူပြင်လို့ မရနိုင်ဘူးလေ...။

အဲဒါ သုံးတဲ့ စစ်စတမ်ရဲ့အားနည်းချက်ပါ။ တကယ်ဆို ပရင့်ထုတ်ပြီးသား ဘီလ်ကို ပြန်ပြင်ဆင်ခွင့် မှာ မရှိသင့်ပါဘူး။ အဲဒီကိစ္စဖြစ်ပြီးတဲ့နောက်တော့ သူတို့ တင်းကြပ်လိုက်ကြပါတယ်။

*********************************
တရက်မှာ ကျမတို့ဆိုင်ရဲ့ ချက်ကြီးက ဖုန်းဆက်လာပါတယ်။ ငါးမန်းတောင် အပါအဝင် တခြား Sea Foods တွေ မှာပေးဖို့ပါ။ ကျမ နဲနဲတော့ အံ့ဩသွားပါတယ်၊ဘယ့်နှယ် ပြီးခဲ့တဲ့ တပတ်လောက်ကမှ မှာထားခဲ့တာ၊ ကုန်ပြီလားပေါ့။ ဒီလ ပွဲတွေလဲ သိတ်မရှိပဲနဲ့ ဆိုတော့ သူက နင် မယုံရင် စတိုခန်းထဲ သွားကြည့်လိုက်လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျမလဲ စိတ်ထဲ အောင့်သက်သက်နဲ့ စတိုခန်းဖွင့်စစ်တော့မှ
ဟုတ်ပါတယ် တကယ့်ကို ကုန်လုနီးပါးပါ။

စတိုသော့ကိုင်တဲ့ သူက ကိုမောင် ဆိုတဲ့ မြန်မာ အကိုကြီးပါ။ အဲဒီ အကိုကြီးက ကျနော်လဲ မပြောချင်ဘူးဗျာနဲ့ အစချီလို့ အိတ်သွန်ဖာမှောက် ပြောပြရှာပါတယ်။ဒီလိုပါ။ ကျမတို့ သူဌေးက ဆိုင်ကို တလမှ ၁ခါ  ၂ခါ   လောက်ပဲ လာတာပါ။ သူ့ရဲ့ ညီ၂ ယောက်က အလှည့်ကျ လာပြီး လိုအပ်သည်များ မှာကြားစားသောက်ပြီး
ပြန်လေ့ရှိပါတယ်။အငယ်ကောင်က သဘောကောင်းပြီး အားလုံးအပေါ် ခင်ခင်မင်မင် ရှိသလောက်
အကြီးကောင်က မာန်တက်နေတဲ့ ရုပ်နဲ့ အားလုံးကို ဆူပူမာန်မဲ နေကျပါ။ သူ့ကိုကျမတို့က မျက်ပြူး လို့ ခေါ်ပါတယ်။ ကျမနဲ့လဲ မတည့်ပါဘူး။

အဲ ကြားဖြတ်ပြောရအုံးမယ် စကားစပ်မိလို့ပါ၊ ကျမနဲ့ မတည့်ဆို တခါ မြန်မာအလုပ်သမားလေးတယောက် ဖျားလို့ အမ်စီ ၂ရက်ယူတာကို လခထဲက ဖြတ်ပါတယ်။ ၂ရက်စာဆိုတော့ အဖြတ်ခံရတဲ့ တယောက်လဲ
အီသွားပြီး ကျမ လာတိုင်ပါတယ်။ ကျမကလဲ မဟုတ်မခံ ဆိုတော့ ဗိုက်ကောင်းလို့ ဓါးတောင်းသူပါ။ အမြဲ လူမိုက်ဌား ခံရတာပါ။ ဒါလဲပဲ ဘယ်တော့မှ မမှတ်သူ၊ ကိုယ့်ဟာကိုယ်တော့ ဇာမဏီမျိုး အသက်သာသေပစေ၊ အမွှေးတပင် အကျွှတ်မခံ ဆိုတဲ့အစားထဲကလို့ မှတ်ထင်နေခဲ့သူပါ။

နောက်တခါကျတော့ အလုပ်သမားလေးတယောက် စားပွဲ ရှင်းရင်း စားသောက်သူ ကျန်ခဲ့တဲ့မုန့်ပွဲ တပွဲ (လုံးဝ စားမသွားတဲ့ ပွဲအသစ်ကြီးပါ) ကို သိမ်းရင်း နှိုက်စားမိပါလိမ့်မယ် အဲဒါကို မျက်ပြူးက ခိုးစားပါတယ်ဆိုပြီး တပွဲစာမကတဲ့ လစာ ဖြတ်ခံရပါတယ်။ ထုံးစံ အတိုင်းပဲ ကျမဆီရောက်လာပြီး ကျမနဲ့ မျက်ပြူး ၊ မျက်ပြူးနဲ့ ကျမ ဖိုက်ကြလေသတည်းပေါ့။

အဲ...အဆုံးမတော့ တရားမျှတစွာ မှန်တဲ့ဘက်ကပဲ နိုင်တာပါ။ သူတို့ ၂ယောက်လုံးဖြတ်ခံရတဲ့ ပိုက်ဆံ ပြန်ရကြပါတယ်။ ဒါနဲ့ ကျမလဲ ငပွကြီး ဖြစ်မှန်း သိသိကြီးနဲ့ ကိုဖြစ်လာရတော့တာ။ ဒီတော့ ကျမ အပေါ် မျက်ပြူး ကြည့်မရတာ မဆန်းပါဘူး။ 

တဦးမေတ္တာ တဦးမှာ ဆိုသလိုပေါ့ရှင် ။

အဲ..စကားပြန်ဆက်ရရင် ခုနကပြောတဲ့ စတိုခန်းထဲက Sea Foods ပျောက်ဆုံးမှုကြီးဟာ မျက်ပြူးလက်ချက် ဆိုတာ စတိုမှူး ပြောပြလို့ သိရပြီ။ သူက ချက်ကြီး လက်မှတ်မပါပဲ လာထုတ်ယူသွားပြီး ပြန်ရောင်းစားနေတာ။ တချို့ Sea Foods တွေက ဈေးအရမ်းကြီးပါတယ် ငါးမန်းတောင်တို့ ပင်လယ်မျှော့တို့ လော့ဘ်စတာ -ကျောက်ပုဇွန်ကြီးတွေလိုဟာမျိုးတွေပေါ့..။

တချို့ သားငါး ပုဇွန်တွေကတော့ သူ့အိမ် ဟင်းစားလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ။ ဒါနဲ့ ကျမသူဌေးဆီ ချက်ချင်း ဖုန်းဆက်ပြီး စတိုခန်းက ဈေးကြီးတဲ့ ပစ္စည်းတွေ မျက်ပြူး ခိုးရောင်းနေကြောင်း သတင်းပို့လိုက်ပါတယ်။ (အဲ... သတင်းပို့ ရုံ ကလေးပါ)

ချက်ချင်းဆိုသလိုပဲ သူဌေးရော၊ ညီ၂ယောက် စလုံးရော ကျမ ရုံးခန်း လာခေါက်ပြီး သူတို့ ရုံးခန်း ခဏ သုံးချင်လို့ ကျမကို ခဏလောက် အပြင်ထွက်ပေးဖို့ ပြောပါတယ်။ မျက်ပြူးကတော့ မျက်စိမျက်နှာ ပျက်လို့ပေါ့။ နာရီဝက်လောက်ကြာပါတယ် သူတို့ ညီအကို တွေ တယောက်တခွန်း အော်ဟစ်ပြောဆိုကြပြီး မျက်ပြူး အခန်းထဲက အရင်ဆုံး ထွက်လာပြီး ကားကို ဝူးခနဲ ဆောင့်ထွက်သွားပါတော့တယ်။

ကျမ အူမြူးလိုက်ပုံများ အဲဒီညက အိပ်မက်တွေတောင် ကာလာလေးနဲ့ မက်လို့...။

**********************************
ဇာတ်ပေါင်းရမယ် ဆိုရင်...ဘီလ်တွေပြင်ပြင်ပြီး  ပိုက်ဆံခိုးနေတဲ့ ကောင်မလေးက ရဲအဖမ်းခံရပြီးထောင် ကျသွားပါတယ်။ အမှန်တော့ သူဒီလိုလုပ်နေတာ တလကျော်လောက်ရှိနေပြီလေ၊ ကျမလဲ ကိုယ့်ရှုးကိုယ်ပတ် ဆိုတာလို ဘီလ်တွေကို မီးဖိုချောင်ကဟင်းပွဲစာရင်းတွေနဲ့ အကုန်ပြန်တိုက်စစ်ရတာ ဖတ်ဖတ်ကို မော လို့ပါ။

အဲ...မျက်ပြူးကတော့ ဝမ်နင်လေးပဲ အပေးခံရပြီး ကွင်းလုံးကျွတ်လွတ်သွားခဲ့ပါတယ်...

ဒါပေါ့လေ........... သူတို့က.....အမျိုးအချင်းချင်း အရင်းကြီးတွေကိုး....။

အဲဒါ ကျမကိုယ်တွေ့ဖြစ်ရပ်မှန် ဘေ့စ်အွန်ထရူးစတိုရီ ပါ...။ ခုတလော အဲဒါလေး ပြန်တွေးမိလိုက်တိုင်း ငယ်စိတ်နဲ့ ဒုတ်ထိုးအိုးပေါက် ပြောခဲ့၊ လုပ်ခဲ့မိတာတွေအတွက် စိတ်ထဲ မကောင်းဖြစ်မိတယ်။

သူ့ကို လက်ထိပ်လေးနဲ့ ကျမတို့နေရတဲ့ ကွန်တိန်နာထဲက ခေါ်ထုတ်လာတော့ ကျမမှာ ငါလုပ်လိုက်တာ လွန်များ သွားပြီလားလို့ ဝမ်းနဲမိရတယ်။ ခုအရွယ်မှာဆိုရင် ကျမ အဲဒီလို လုပ်ပါအုံးမလား။ ပိုက်ဆံခိုး တဲ့ကောင်မလေးကို နှစ်ယောက်ချင်းတွေ့ပြီး ..........

"ညီမရေ အမသိတယ်နော် နောက်မလုပ်ပါနဲ့ကွယ် ဒီတခါတော့ ရှိပါစေနောက်တကြိမ် ဆိုရင်တော့ တိုင်ရလိမ့်မယ်" လို့များ ချော့ပြောမိမလားပဲ...။

ကြာတော့ ကြာခဲ့ပါပြီလေ...။

ခုထက်ထိ ကျမရင်ထဲ ကလိကလိ ဖြစ်စေတာက ကောင်မလေးလို တခါခိုးရင် တရာ၊နှစ်ရာ ခိုးတဲ့ သူခိုး အသေးစားလေးကို လက်ထိလက်ရ ဖမ်းပေးနိုင်ခဲ့ပြီး တခါခိုးရင် ထောင်ချီ ခိုးတဲ့ မျက်ပြူးလို သူခိုး အကြီးစားကျတော့ ကွင်းလုံးကျွတ် လွတ်သွား ခဲ့ရတဲ့ အတွက်ပါ။

အင်းလေ...သူတို့တွေက အမျိုး အချင်းချင်း အရင်းကြီးတွေကို...နော့ ..။


ဘဝ အမောတွေ ပြေကြပါစေ...။

Sunday, November 22, 2009

ငပျင်း အကြောင်း

အပျင်းပြိုင်ပွဲ ဝင်ရင်...
ပထမရမှာ...သေချာနေပေမဲ့...
ပြိုင်ရမှာတောင် ပျင်းသတဲ့...။

သူက...
စားရမှာလဲ ပျင်း... ဝါးရမှာပျင်းတာမို့
ထမင်း အရည်ဖျော်သောက်...၊
သောက်ရမှာလဲ ပျင်း...မော့သောက်ရမှာစိုးလို့
ကတော့တလျှောက် အသာမျှောချ... ၊
သွားရမှာလဲပျင်း... ခြေထောက်မဖို့ ပျင်းသူမို့
လှိမ့်လို့သာ ချသတဲ့.....။

အဲသလို...
အရာရာ လုပ်ဖို့ပျင်း...
စားဖို့လဲပျင်း...သွားဖို့ပျင်း...
ရစ်ဖို့လဲပျင်း...ချစ်ဖို့ပျင်းတဲ့...
ငပျင်းအကြောင်း ပြောရတာ...
ပျင်းများတောင် ပျင်းပါရဲ့......။


ဘဝ အမောတွေပြေကြပါစေ...။



ပျင်းတတ်သူများအားလုံးကို ရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုရှိပါက မှန်ပြေးကြည့်လိုက်ပါ။ ပြေးကြည့်ရမှာ ပျင်းသည် ဆိုလျှင် မိတ်ဆွေ မိမိကိုယ်ကို အသင်းဝင်အဖြစ် ဂုဏ်ယူစွာ သတ်မှတ်ပါလေ....။

Friday, November 20, 2009

ပညတ်

တိမ်တွေညို
ပြိုလာ မိုးရွာသတဲ့...၊

စဲစဲ ဖွဲဖွဲ
သည်းသည်း စွေရွာ
ရံခါ ထစ်ချုန်း မိုးလုံးပုလဲ.....။

အဲဒီမိုးစက်
ခွက်နဲ့ပဲ ခံခံ
ကန်ထဲပဲ ကျစေ
မြစ်ရေထဲ စီးဆင်း
အငြင်းပွားစရာ မလို
ရေ....ဆိုပြီး ဆိုင်းဘုတ်တပ်...။

ကဲ...ဗလောင်းဗလဲ
တတ်ပဲ တတ်နိုင်
ခုတိုင် မိုးဖွဲ..... တဖန်လဲ ရေ
ရှာလေ အနှစ် မဲ့သည့်ဖြစ်......။


ဘဝ အမောတွေ ပြေကြပါစေ....။

Tuesday, November 17, 2009

ချစ်ကြည်အေး နှင့် အင်တာဗျူး

စကားချပ်...

(အောက်ပါ အင်တာဗျုးသည် ခွက်ခွက်လန်မဂ္ဂဇင်းမှ မောင်ဘလာဂေါ်နှင့် ချစ်ကြည်အေးတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃၀ရက်နေ့က ပြုလုပ်ခဲ့ကြသော အိတ်ကလုစစ် အင်တာဗျူး ဖြစ်ချေ၏။ မြန်မာပြည်ရှိ စာစောင်များ၊မဂ္ဂဇင်းများတွင် အုံးအုံး နှင့် ကြွက်ကြွက်
ဖော်ပြပြီးသကာလ ယခုအခါ ဘလော့ဂ်ဖတ်လာ ပိတ်သတ်ကြီးများ ဖတ်ရှုစေလိုခြင်းအလို့ငှာ ပြန်လည်ဖော်ပြလိုက်ရပေသည်။)

မောင်ဘလာဂေါ်း ခုလိုအင်တာဗျူးခွင့်ပေးတဲ့ ဆရာမ ချစ်ကြည်အေးကို ကျွန်တော်များ ခွက်ခွက်လန် မဂ္ဂဇင်းတိုက် ကိုယ်စား ကျေးဇူးစကား ပဏာမ ပြောကြားလိုပါတယ်။ မေးခွန်းအားလုံး ၅ခု ပြင်ဆင်ခဲ့ပါတယ်၊ ဆရာမ အသင့်ဖြစ်ပါပြီလား ခင်ဗျာ ...

ချစ်း နှုတ်မှမဖြေ၊ ခေါင်းကလေး အသာငဲ့ပြ၏။

ဂေါ်း ဆရာမ မွေးနှစ် သက္ကရာဇ်လေး တဆိတ်သိပါရစေခင်ဗျာ ...
ချစ်း အိုကွယ်...မင်းနှယ် အမျိုးသမီးတယောက်ကို ဒီမေးခွန်း မေးစရာလား၊ မပြောလိုက်ချင်ဘူး, အမကို မွေးပြီးမှ သင်္ကြန်ကျတာ အခါ လေးဆယ်ရှိပြီကွဲ့...

ဂေါ်း ယနေ့ အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင်ကြပြီ ဆိုတာနဲ့ ပတ်သက်လို့ ဆရာမရဲ့ စွမ်းဆောင်မှုလေးတရပ် နဲ့ သက်သေပြစေချင်ပါတယ်ခင်ဗျာ..
ချစ်း ခေတ်အဆက်ဆက်မှာ အမတို့ အမျိုးသမီးတွေကချည်း မေတ္တာစာ အပေးခံလာရသမို့လား၊ ဒီတော့ အမလက်ထက်မှာ မေတ္တာစာ ၁၀ စောင် မိတ္တူဆွဲပြီး အမျိုးသား ၁၀ ယောက်ကို တနေ့တည်း အပြတ် လိုက်ပေးခဲ့တယ်လေ...။

ဂေါ်း ဪ...ဪ..စွမ်းစွမ်းတမံပါပဲ ခင်ဗျာ..။ နောက်မေးခွန်း တခု ဆက်ပါအုံးမယ် ။ တိုင်းပြည်အပေါ် အပြုသဘောဆောင်တဲ့ အပြောင်းအလဲလေး တခုလုပ်ပိုင်ခွင့် ရခဲ့ရင် ဆရာမ အနေနဲ့ ဘာများပြောင်းပစ်ချင်ပါသလဲခင်ဗျာ
ချစ်း (အလေးအနက်စဉ်းစားဟန်ဖြင့် တခဏမျှ ငြိမ်သက်ပြီးသော်...)
အင်း....အမတို့ တောင်ကျွန်းသားတွေက ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းလို့ ဆိုရအောင် အတိတ်နမိတ်၊ အခေါ်အဝေါ် တွေကို ဂရုထား ကြတယ် မဟုတ်လား၊ ဒီတော့ အမသာ ပြောင်းလဲခွင့်ရှိမယ်ဆို အမတို့ရဲ့ ငွေကြေးယူနစ်ကို တကျပ်တပြား အစား တချောင်တလည် လို့ ပြောင်းပစ်ချင်တယ်ကွယ် ၊ မင်းပဲ စဉ်းစားကြည့်လေ..လူတွေမှာ စီးပွားရေး ကြပ်တည်းရတဲ့အထဲ ပြားရအုံးမယ် ဆိုတော့...။

ဂေါ်း မှတ်သားလောက်ပါတယ်ခင်ဗျာ..၊ ဆရာမ အခု စင်္ကာပူမှာ ဘလော့ဂ်ရေးနေတယ်လို့ သိရပါတယ်၊ ဒီတော့ ဆရာမရဲ့ ဘလော့ဂ် လူအဖတ်များအောင် ဘယ်လိုများ ပရိုမုတ် လုပ်ပါသလဲ...
ချစ်း ဪ...ဒါကလွယ်ပါတယ်၊ လူအဖတ်များအောင် လူအရည်တွေ စစ်ချလိုက်တာပေါ့ကွယ်...

ဂေါ်း ဗျာ...မနောက်ပါနဲ့ အမရယ်...
ချစ်း မနောက်ပါဘူး မောင်လေးရယ်....။

ဂေါ်း ဟုတ်ကဲ့...နောက်ဆုံးမေးခွန်းပါ ခင်ဗျာ ၊ ဆရာမ ခုလို တမုဟုတ်ချင်း နာမည်ကြီးလာအောင် ဘယ်လိုများ ကြိုးစားရေးခဲ့ပါလဲ ခင်ဗျာ...
ချစ်း ဒါလား...သူများတွေ ဖောင့်ဆိုက် ၁၀ နဲ့ ရေးနေချိန်မှာ အမက ဖောင့်ဆိုက်၄၈နဲ့ ရေးချပစ်လိုက်တယ်လေ...။

ဘဝအမောတွေ ပြေကြပါစေ...။

Friday, November 13, 2009

မှန်လိုက်ပုံက....

လင် နဲ့ မယား...
လျာ နဲ့ သွား.....တဲ့ ။

သူ ရှေ့ကရှာ...
ကျမ ရှော့ပင်သွား...
မှန်.. မှန် လိုက်ပုံ များ....။

ဘဝ အမောတွေ ပြေကြပါစေ...။

ည အနက်ရောင်...

အဘိုး မို့ ပုံပြောပြီဆိုလျှင် တူလေးရွှေသွေး၊ တူမလေးမိုးသောက်ပန်း အပါအဝင် တူ တူမတွေရဲ့ ကစားဖော် အိမ်နီးချင်း ကလေးတွေပါ လာနားထောင်လေ့ရှိသည်။

"အဲဒီ သရဲလေး ငညိုဟာ ရွာထဲက လေးခွပစ် သိတ်တော်တဲ့ သံချောင်းကလေးကို မြင်ဖူးချင်ရှာလွန်းလို့ တညမှာတော့ သံချောင်းတို့ အိမ်ရှေ့ သွား၊ အိမ်ရှေ့ သံဇကာကွက်ကလေး တကွက်ထဲကနေ သူ့ရဲ့ တဖက်ထဲရှိတော့တဲ့ မျက်လုံးကလေးနဲ့ ချောင်းကြည့်နေရှာသတဲ့။ သံချောင်းလေးကလဲ တနေ့ကမှ ရွံ့ခူးပြီးလုံး၊ လှမ်းထားလို့ ခြောက်ပြီးသား၊ စကောထဲက လောက်စာလုံးတွေ ကို တလုံးပြီး တလုံး ထောင်ထားတဲ့ နို့ဆီဗူးခွံတွေဆီပစ်ရင်း အစွမ်းတွေပြနေတာပေါ့။ သရဲလေး ငညိုခမျာ သဘောကျလွန်းလို့ လက်ခုပ်လက်ဝါးများတောင် တီးမိရှာတယ်။ အဲဒီလို ပစ်နေရာက ရုတ်တရက် ပစ်မှတ်ပြောင်းသွားပြီး ငညိုလေး ချောင်းကြည့်နေရှာတဲ့ သံဇကာကွက် ထဲကိုမှ တန်းတန်း မတ်မတ် ပစ်လိုက်တာ ငညိုလေး ခမျာ တဖက်ထဲရှိတော့တဲ့ မျက်လုံးလေးပါ ကန်းသွားရှာ ရောလားကွယ်"

"ဟင် ငညိုလေး တနားပါရယ်နော် ဘိုးဘိုး.."

ဟိုဘက်ခြံက သမီးငယ်လေး မျက်နှာကလေးမဲ့၊ မျက်ခုံးကလေး ကွေးလို့ ငိုမလိုပြောရှာတော့ ကျွန်တော်တောင် ဆိုင်ကယ်ကို အဝတ်စ နဲ့ တိုက်နေရာက ပြုံးမိရသည်။ အဘိုးပုံပြင်ထဲမှာ အလွန်ချစ်စရာကောင်းသော၊ လူတွေကို ကူညီတတ်သော၊ အစအနောက်သန်သော၊ မျောက်ရှုံးအောင် ဆော့တတ်သော သရဲကလေးများစွာ ရှိလေသည်။ ထို သရဲကလေးတွေနှင့် ကလေးတွေက ရင်းနှီးပြီးသား ဖြစ်သလို၊ အဘိုးကလဲ သရဲဆိုတာ ကြောက်စရာ မဟုတ်၊ သူတို့တွေထက် လူတွေက အင်အားပိုရှိတဲ့အကြောင်း၊ ကလေးတွေ ရင်ထဲ ရဲရင့်စိတ် ကလေးများ သွင်းပေးလေ့ရှိသည်။

ကျွန်တော် အိမ်ထဲ ဝင်တာနဲ့ မေမေက သူ့ လက်ထဲက လင်ပန်းကို ကျွန်တော့် လက်ထဲထည့်ရင်း "သား ဟိုမယ် မင်းအဘိုးနဲ့ ကလေးတွေကို သာကူယို သွားတိုက် ချည်၊ မေမေ မီးပူတိုက်လေး တိုက်လိုက်ချင်လို့" ဟု ဆိုသည်။ ဒါက မေမေ အမြဲ လုပ်နေကျ။ ကလေးတွေလာတိုင်း တခု မဟုတ် တခု လုပ်ကျွေးမြဲ။

* * * * * * * * * *

ကျွန်တော် လမ်းမပေါ်ရောက်တော့ အတော်ကို မှောင်နေပြီ ။ လကွယ်ရက်တွေမို့ ဖြစ်မည် လက်ရှိ အချိန်ထက် ပိုမှောင်နေသလိုပင်။ မေမေသည် ကျွန်တော်ဆိုင်ကယ်စီးတာ ဘယ်တုန်းကမှ မကြိုက်ခဲ့ပါ။ ဆိုင်ကယ်ဝယ်ပြီး တရက်မှာ မေမေ့ ကို အတင်းပွေ့ချီ ဆိုင်ကယ်ပေါ်တင်ကာ တပတ်မောင်းပြဖူးသည်။ မေမေ့ခမျာ နောက်ကနေ ကျွန်တော့်ခါးကို တင်းတင်းဖက်ခါ "ဖြေးဖြေးနော် သား..." ဟု တချိန်လုံး ပြောနေခဲ့တာ။ ကျွန်တော် ခပ်ဖြေးဖြေးလေး နဲ့ ဂရုတစိုက်စီးပြတော့မှ စိတ်ချသွားသလို ခွင့်ပြုလိုက် ရတော့တာ။ ကျွန်တော်က အဖေ့သားပီပီ ခေါင်းမာသည်လေ။

ကျွန်တော် အိမ်ပြန်ရောက်တော့ အခါများစွာကလိုပဲ မေမေ မအိပ်သေးပါ။ "မေမေရာ ဒီကောင်ဗညား ကလဲ သားနဲ့ အဖော်လိုက်မယ် ဆိုလို့ ရထား လက်မှတ်တောင် ဝယ်ပြီးနေမှ ဒီညနေပဲ အူအတက်ပေါက်လို့ ချက်ချင်းခွဲ၊ ဆေးရုံတင်ထားခဲ့ရတော့ သား တယောက်ထဲ သွားရတော့မှာ..." မေမေကဖြင့် အဖော်မက်တဲ့ သားကို ကလေးတယောက်လို ပြုံးကြည့်ရင်း "ကဲ အဲဒါဆို သားလဲအိပ်တော့၊ မနက်ကျရင်လဲ ဘူတာရုံ စောစော ဆင်းရအုံးမှာလေ..." တယောက်ထဲမို့ စိတ်မချသော်လည်း ကျွန်တော့် အကြောင်းသိလို့ မေမေက တားမနေတော့ပါ။

* * * * * * * * * *

ကျွန်တော် မြို့လယ်ရွာလေးကိုရောက်တော့ ညနေ ၆ နာရီ ထိုးလုပြီ ။ ရထားအဝင်နောက်ကျတော့ တွဲထိုးတာ၊ ကုန်တင်ကုန်ချတာနဲ့ ပဲ ရထားထွက်ချိန်လဲ ၂နာရီနီးပါး နောက်ကျခဲ့ရသည် ။ ကျွန်တော် အချိန် ဆွဲမနေပဲ ရွာဦးကျောင်း ဆရာတော်ဆီ ချက်ချင်းဝင်ဖူး၊ ရေမိုးချိုး၊ စက်ဘီးတစီးငှား၊ လိုအပ် သောပစ္စည်းများ တခေါက်ပြန် စစ်ဆေးကာ ခပ်သွက်သွက်လေး တောင်ခြေဆီ ထွက်လာခဲ့တော့သည်။

နောက်ကျလှပြီ ။ ဒီညတော့ တောင်ခြေမှာပဲ အိပ်ရတော့မည်။ ကျွန်တော့် မျက်နှာကို လေအေးအေးလေးတွေ လာရောက် တိုးဝှေ့ လို့ ၊ ကျွန်တော့် ဆံပင်တွေလဲ ဖရိုဖရဲ ၊ အဲဒီအရသာကို ကြိုက်လှသည်။ ကျွန်တော် စက်ဘီး ကို အရှိန်မြှင့်နင်းလိုက်မိသည် ။ ဖောင်းခနဲ ဖြစ်ကာ စက်ဘီးက ဆက်နင်းလို့ မရတော့၊ စက်ဘီး ဘီးပေါက်သွားခြင်းပါ။ ကျွန်တော် မြေကြီးပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိသည် ။ ဘာမှမတတ်နိုင်၊ ကျွန်တော် တောင်ခြေအထိ လမ်းလျှောက်ရတော့မည်။ စိတ်ထဲက ဗညားကို မဆီမဆိုင် ကျိန်ဆဲလိုက်မိသေး၏ ။ နှစ်ယောက် ဆိုရင် ဘာပဲ ဖြစ်ဖြစ် အဖော်ရှိတော့ အနဲဆုံး စကားပြောဖော်လေးရအုံးမည်။ မိုးပေါ်မော့ကြည့်ပြန်တော့ ကြယ်ကလေးတွေတောင် အဖော် မစုံ ဟိုတလုံး ဒီတလုံးနှင့်။ ကျော၌ လွယ်ပိုး ထားသော ကျောပိုး
အိတ်ကြီးကလဲ ခုမှ ပိုလို့ လေးလံလာသလို ခံစားရသည်။ အိတ်ကြီးထဲမှာ သံလိုက်အိမ်မြှောင်၊ မြေပုံတခု၊ လေမှုတ်မွေ့ယာ၊ အိပ်ရာလိပ်၊ ကင်မရာ ၊ လက်နှိပ်ဓါတ်မီး၊ ဂတ်စ်မီးခြစ် ၊ အမ်ပီဖိုးပလေယာ ၊ ရေဗူး ၊ တောစီးဖိနပ်တရံ ၊ပေါင်မုန့် ၊ ငါးသေတ္တာ၊ အဝတ်ပို တစုံ နှင့် ဘူမိဗေဒသုံး တူတချောင်း။ ပြီးတော့ မှတ်တမ်းရေးရန် စာအုပ် ဘောလ်ပန် နှင့် စင်န်ပယ်လ် ကျောက်တုံးကလေးများ ထည့်ရန် ဖိနှိပ်ပိတ်လို့ရသော လိုင်းကလေးများ ပါတဲ့ အရွယ်စုံ ပလတ်စ်စတိတ် အိတ်လေးများ။

တောင်ခြေနားမရောက်ခင် ရွာကလေး တရွာတွေ့လျှင်ပဲ ကျွန်တော်အားတက်ရသည်။ ခဏလေးတော့ ဝင်နားရမည်။ ကျွန်တော် ပင်ပန်းလှပြီလေ။ အို....ရုတ်တရက် ကျွန်တော်အံ့ဩ မင်သက်သွားခဲ့သည် ။ လမင်းကလေး ထွက်လာသလိုပါ ။ ကျွန်တော်တို့ မြို့ ကြီးတွေမှာ တွေ့ရခဲတဲ့ အလှမျိုး၊ အသားအရေက ဝင်းပတယ် ဆိုတာထက် ဖြူဖွေးတဲ့ဖက် လုတယ်၊ ဂွမ်းဖတ်ကလေးလိုပဲ ။ မျက်လုံးနက်နက်၊ နူတ်ခမ်းပန်းသွေးလွလွနဲ့ ချစ်စရာ ။ အထူးခြားဆုံးကတော့ တကောက်ကွေးထိ ရှည်တဲ့ သူကလေးရဲ့ ဆံပင်တွေ၊ ခုလို လမိုက် ညမှာတောင် တလက်လက်နဲ့ ပိုးသားမျှင်ကလေးတွေလိုပဲ ၊ အိမ်ရှေ့ ကွပ်ပစ်လေးမှာထိုင်လို့ ၊ ကျောက်စိမ်းသွေးဆင် လက်ရှည်ကလေးနဲ့ ဆင်တူရောင် အချိတ်လေး ဝတ်လို့ ။ ခုတော့ ဗညား မလိုက်လာဖြစ်တာပဲ ခပ်ကောင်းကောင်း ။

ကျွန်တော့် ရေဗူးက အိတ်ထဲမှာ ၊ ဒါပေမဲ့ ကျွန်တော် ရေတောင်းသောက်လိုက်တယ်။ သူက "ရေချို ရဲ့လား မောင်ကြီး..." တဲ့ အခေါ်အဝေါ်ဆန်းပုံကြောင့် အံ့ဩရသည် ။ ကျွန်တော့် အရင်ရည်းစားတွေ တယောက်မှ အဲလိုမခေါ်ဖူးပါ ။ သူ့ကိုရော နှမကလေး
လို့ ပြန်ခေါ်ရင်ကောင်းမလား ၊ ခပ်ကြောင်ကြောင် အတွေးပါ ။ "ခွင့်ပြုပါအုံး ခင်ဗျာ..." လို့ ပဲ ပြောရင်း ရှေ့ဆက် ထွက်ခဲ့သည် ။ နောက်ထပ် နာရီဝက်လောက် တော့ တောင်ခြေရောက်အောင် ခရီးဆက်ရအုံးမည် ။ ဒီကို နောက်တကြိမ် ထပ်လာနိုင်
သေးသည် မဟုတ်လား ။ အလုပ်ကိစ္စတွေ မပါပဲနဲ့လေ ။

တောင်ခြေရောက်တော့ ည ၁၂ နာရီခွဲပြီ ။ လေမှုတ်မွေ့ရာကိုလေမှုတ်သွင်း ၊ မြေညီညီမှာ သံကိုင်းလေးများထိုးမြုတ်ကာ တယောက်အိပ် ကန့်ပ်တဲကလေး ဆောက်ပြီး သွားတော့ အိပ်ရာလိပ်ထဲ ပိုးတုံးလုံးတကောင်လို အတောင့်လိုက်လေးဝင်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့တော့သည် ။ အိပ်မပျော်ခင် သူကလေး ကျွန်တော့် မျက်ဝန်းထဲထိ ရောက်လာခဲ့သေးသည် ။

* * * * * * * * * *

မနက် ၆ နာရီ မှာ ကျွန်တော် လန်းဆန်းစွာ နိုးထလာခဲ့သည် ။ တောင်ခြေမှာ ပထမဦးဆုံးတွေ့သော အောက်ခရော့ (outcrop - ကျောက်လွှာပေါ်ထွက်ပိုင်း) ကို တူနှင့် ဂရုတစိုက် ခွဲဖဲ့ ထုတ်ရင်း ပလတ်စတစ်အိတ်ကလေးထဲထည့် ၊ ကျောက်လွှာတည်နေပုံ အနေအထားတွေ ဓါတ်ပုံရိုက်၊ စတစ်ကာပေါ် မှတ်ချက်ရေးကပ် (တောင်ခြေမှ ဖာလုံ ၂၀ ခန့်အသွင်ပြောင်းကျောက်) ပြီး ဆက်တက်၊ ခြားနားသော ကျောက်အမျိုးအစားများ တွေ့တိုင်း ယခင်အတိုင်း စင်န်ပယ်ယူ ၊ တောင်ဆက်တက်နဲ့ပဲ ကျွန်တော် ညနေမစောင်းခင် တောင်ပေါ် ရောက်ခဲ့သည် ။

တောင်ပေါ်မှာ ၂ ရက်နေပြီး တောင်ကြောကို အရပ် ၄ မျက်နှာခွဲ ကာ ကျောက် စင်န်ပါယ်တွေယူ ဓါတ်ပုံရိုက် မှတ်စုတွေရေး ၊ ယူဆောင်သွားသော စည်သွပ်ဗူး ၊ ငါးသေတ္တာ နှင့် ပေါင်မုန့် တွေစားရင်းကပဲ သူကလေးကို လွမ်းနေမိသည် ။ ဘာဖြစ်
မှန်းမသိပါ အရင်ကတွေနှင့် မတူတာတော့ ရင်ထဲက သိနေသည် ။ ပင်ပန်းလိုက်တာတော့ မပြောပါနှင့်တော့ ။ အမှန်က ကျွန်တော် ဗညား ကို စောင့်ခဲ့ဖို့ ကောင်းသည် ။ ပြောခဲ့ပြီးပါပကော ကျွန်တော်က ခေါင်းမာသည်လေ ။ စီစဉ်ထားပြီးပြီဆို လုပ်ရမှ ။ ဒီတော့ ရှေ့ပြေးအနေနှင့်ပဲ လာဖြစ်အောင် လာကြည့်ခြင်းပါ ။ ဟိုကောင် ဗညား ဆေးရုံက ဆင်းတော့မှ တခေါက်ထပ်လာရအုံးမည် ။

တောင်အောက်ပြန်ဆင်းတော့လဲ အတော့်ကို နောက်ကျ နေပြီ ။ သူကလေး အတွက် ရှားပါးသစ်ခွ ကလေးများ တွေ့သည်နှင့် တက်အခူး၊ နိမ့်သော်လည်း နှင်းစိုထားသောကြောင့် ချော်ကျကာ ခြေထောက်နာနေ၍ ခရီးက မတွင် ။

တွေ့ပါပြီ ၊ ကျွန်တော် သတိရနေခဲ့ သူလေး ၊ တနေ့က အဆင်အသွေးလေးအတိုင်း ဝတ်ထားတာပါ။ သူက ရေတခွက်တိုက်ရင်း "ဝမ်းမဟာဘူးလား မောင်ကြီး နန်းနွယ် ချက်ထားတာလေး သုံးဆောင် သွားပါအုံးရှင်" ဆိုတော့ လွန်ခဲ့တဲ့ ၂ ရက်က ပေါင်မုန့် နဲ့ပဲ ပြီးခဲ့ရတဲ့ ကျွန်တော် ၊ ခုမှပဲ တခုခု စားချင်လာသလိုလို ဖြစ်လာတော့သည် ။ ထရံကလေး တချပ်သာကာထားတဲ့ နောက်ဖေး မီးဖိုခန်း ထဲဝင်သွားတဲ့အခါ သူကလေး နောက်ကနေ တိတ်တိတ်လေး လိုက်ကြည့် နေမိသည် ။ အချိန်ကလဲ ည ၁၂ နာရီ ခုမှပဲ ဗိုက်က ဟာတာတာ။

ဘာလုပ်ဖို့ပါလိမ့် ၊ အိမ်ခေါင်မိုးထားသော သက်ကယ်ရွက်တွေချိုးကာ ဟင်းဇလုံလေးထဲထည့်၊ ရေထည့်နေတာလဲ တွေ့လိုက်မိသည် ။ ကျွန်တော် သူကလေး မမြင်ခင် အသာလေး ခေါင်းရင်း ခန်းဘက်ပြန်လာထိုင်နေလိုက်တော့သည် ။ ဇလုံလေးကိုင်ကာ ထွက်လာသောသူမက "သုံးဆောင်ပါ မောင်ကြီးရှင့်..." လို့ပြောလာတော့မှ သတိထားမိရသည်။ အဲဒါ ခုနက ဇလုံ မဟုတ်ဘူးလား ။ အင်း.. တလုံးထဲရှိတာထင်ပါရဲ့လေ ။

ကျွန်တော် ခုမှ သတိရသည် ။ သစ်ခွပန်းလေးတွေ သူမကိုပေးရအုံးမည် ။ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ကျောပိုးအိတ်ဘေးချထားသော သစ်ခွပန်းခက်တွေ ယူပြီးပြန်အလာ...ကျုံ့ကျုံ့လေးထိုင်နေသော သူမလေးရဲ့နောက်ပိုင်းအလှကို ငေးကနဲ ဖြစ်ရသည် ။ ဆံဖျားကစလို့ ခြေဖဝါးအဆုံး လှနိုင်လွန်းသူကလေး ။ အမှတ်တမဲ့ သူ့ခြေဖဝါးတွေကို ကျွန်တော် နောက်တခေါက် ထပ်ကြည့်မိပြန်သည် ။
ဘာတွေလဲဟ...ဆေးမင်ကြောင်လိုလို ၊ အင်းကွက်တွေလိုလိုနဲ့၊ ဟင်...ဘီလူးကြီးတကောင်ရဲ့ ဦးခေါင်းပုံလိုလို ၊ ချက်ချင်းပဲ တမျိုးတမြည်သော ခံစားမှုတွေ ကြောင့် ကျွန်တော့် တကိုယ်လုံး ရှိန်းခနဲ ဖြစ်ကာ ဦးခေါင်းကြီးလာသလို ၊ ကြက်သီးတွေ ဖြန်းကနဲ ၊ ဆံပင်တွေ ထောင်ကနဲ ဖြစ်သွားသည် ။ ဒါကိုသူမက ခံစားသိနှင့် သိလိုက်သလို ဆတ်ကနဲ ကျွန်တော့်ဘက် မျက်နှာအလှည့်...။ ဘုရား ဘုရား... ။ ဒါ ...ဒါ နန်းနွယ်မှ မဟုတ်တာ ။ မျက်ထောင့်နီကြီးတွေနဲ့ ခွက်ဝင်နေသော ပါးအစုံ၊ နှာခေါင်းပဲ့ကြီးနဲ့ ဖြူဖွေး ပါးလျားလှတဲ့ ဆံပင် ၊ အို...တကယ့်ကို ကြောက်မက်ဖွယ်။ သူမက လွတ်သွားမှာ စိုးတဲ့ အလား ကျွန်တော့်ဆီကို ဝုန်းကနဲ ခုန်ပျံပြီး ကျွန်တော့် နှလုံးသား အစုံကို ချွန်မြနေတဲ့ သူ့ လက်သည်းကြီးတွေ နဲ့ ခြစ်ယူ ဆွဲထုတ်...။ ကျွန်တော့်ခြေထောက်တွေ ရုတ်တရက် ရွှေ့မရတော့ , နန်းနွယ် နန်းနွယ် ဒါ...ဒါ...... နန်းနွယ် မဟုတ်ဘူး...။ သည့်နောက်တော့ ကျွန်တော်ဟာ ပိန်းနေအောင်မှောင်တဲ့ အမှောင်ထုကြီးထဲမှာ....

* * * * * * * * * *

"တောင်ခြေနားကရွာ... ဟုတ်ကဲ့လားမောင်ရာ... ဘကြီး မြို့လယ်ရွာနေလာတာ ၊ မောင်းဆစ်တောင်တက်လာတာဖြင့် ဒီတသက်ရှိရော့မယ် ရွာရှိတယ်ဖြင့် မကြားမိပေါင် မောင်ရာ...။ ကဲ ကဲ ဘကြီးလဲ ခွင့်ပြုအုံး ဆရာတော် စိတ်ပူနေရော့မယ်..."
ကျွန်တော် ရထားဘူတာ ဆင်းရမဲ့ မနက်ထိ ပြန်မရောက်တာနဲ့ ဆရာတော်က စိတ်ပူပြီး ရွာကလူတွေလွှတ် အရှာခိုင်း တော့မှ တောင်ခြေနဲ့ ၅ ကီလိုမီတာ အကွာလောက်မှာ လူတခြား အိတ်တခြား လဲနေတာ တွေ့ရသတဲ့ ။ ဆေးရုံမှာ ၂ရက် လုံး
လုံး အဖျားတွေတက် ၊ ကျွန်တော်ပြောသမျှ ကိုလဲ ဘယ်သူကမှ ယုံပုံ မရ ။ ကျွန်တော် စိတ်ညစ်လှပါပြီ ။ ကျွန်တော့် အပေါ် အရူးတယောက်လို၊ ဖွင့်မပြောပေမဲ့ အားလုံးရဲ့ မျက်လုံးတွေထဲက အကြည့်တွေ...။ ကျွန်တော် ဘယ်လိုမှ မခံစားနိုင်ပါ ။
အိမ်ပြန်ရောက်တော့လဲ အားလုံးက အရိပ်တကြည့်ကြည့် ၊ မေမေကတော့ ထုံးစံ အတိုင်း ကလေးတွေနဲ့ ဘိုးဘိုး စားဖို့ မီးဖိုထဲမှာ နွားနို့ဆန်ပြုတ် ပြုတ်နေလေရဲ့ ။ မေမေ သူ့ အပေါ် အာရုံလွဲနေတုန်း ဆိုင်ကယ် တပတ်လောက် စီးရရင် ကောင်းမယ်...။

"တောကစားထွက်ရာက လမ်းပျောက်လာတဲ့ အိမ်ရှေ့မင်းသားလေးဟာ ညဥ့်နက်တဲ့ အထိ နန်းတော်ကို ပြန်တဲ့လမ်းမတွေ့နိုင်ပဲ တောကြီးမျက်မည်းထဲ တလည်လည် ဖြစ်နေသတဲ့ ၊အဲ တနေရာလဲရောက်ရော ရွာကြီးတရွာကိုတွေ့တော့ မင်းသားလေး
ဟာ အင်မတန်ပျော်ရွှင်သွားသတဲ့..."

ကျွန်တော် ဆိုင်ကယ်ကို စက်မနှိုးပဲ အသာလေး ခြံဝထိ တွန်းလာလိုက်တော့သည် ။ အဘိုး ကဖြင့် ကျောပေးရက်မို့ မမြင်နိုင်ပါ ။

"တကယ်တော့ အဲဒီရွာဟာ ကြပ်တွေ လူယောင်ဖန်ဆင်းလို့ တည်ထားတဲ့ ရွာကြီးကွဲ့ မင်းသားလေးကို မြင်မြင်ချင်း ချစ်ခင်စုံမက် မိတဲ့ ကြပ်မ ကလေး ဟာ .......... "

ဘိုးဘိုး ပုံပြင်ကို ကျွန်တော် ဆက်မကြားလိုတော့ပါ ။ ဆိုင်ကယ်ကို တအားကုန် လီဗာနင်းပြီး ထွက်လာခဲ့ တော့သည် ။ ဒါတောင် အဘိုးရဲ့ စကားသံတွေကတော့ ကျွန်တော့် နားထဲလိုက်ပါနေတုန်းပါ။

မိုးရွာပြီးစမို့ ဖြစ်မည် ၊ မိုးရနံ့လေးတွေ ရှိနေသေးသော လေမှုန်လေးတွေက ကျွန်တော့် မျက်နှာပေါ် တိုးဝှေ့လို့ ၊ ကျွန်တော့် ဆံနွယ်တွေ ခပ်ပြင်းပြင်း ဝေ့ဝဲလို့ ၊ ကျွန်တော် အဲဒီ အရသာ ကိုကြိုက်သည် ။

ကျွန်တော့်နားထဲမှာ အဘိုးရဲ့ စကားသံတွေ..."အဲဒီကြပ်ရွာဟာ..........."

ပြီးတော့ နန်းနွယ်ရဲ့ စကားသံတွေ.... "မောင်ကြီးရေ........."

တဖန်တလဲလဲ လည်လို့ , ဘာကိုမှ မကြားချင် မသိချင်ပါ၊ ကျွန်တော့်ကို အရူး တယောက်လို အားလုံးရဲ့အမြင်တွေ အောက်က ပြေးထွက်ချင်လှပါပြီ ။ ကျွန်တော့် ခန္ဓာကိုယ်ထဲ သွေးတွေ တဖျင်းဖျင်းနဲ့၊ ခေါင်းတွေလဲ တဆစ်ဆစ် ကိုက်လာနေပြန်ပြီ ။ ရုတ်တရက်...ကျွန်တော့် မျက်နှာချင်းဆိုင်က ကားကြီးတစီး ထွက်အလာ၊ ကျွန်တော် တကိုယ်လုံးမြောက်တက်အသွား....။ ခဏကလေးပါပဲ..သေချာတာတခုက ကျွန်တော် နန်းနွယ်နဲ့ တွေ့ရ တော့မည်လေ...။

ဘဝ အမောတွေ ပြေကြပါစေ...။

Tuesday, November 10, 2009

ချစ်ခြင်းဖွဲ့

ခေါ်မှာလား မောင်
တွဲလက်နှောင်ရင်း
ဆူးခက်ခင်းလမ်း...ဘယ်လောက်ကြမ်းစေ...။

လာမယ်လား မောင်
ညဥ့်နက်မှောင်မိုက်
အိပ်မက်သိုက်မြုံ
ခိုလှုံယှဉ်တွဲ...ကြည်ဖြူရဲစေ..။

ထားခဲ့နဲ့ မောင်
မျက်တောင်တခတ်
ရင်သပ်ရှုမော
အနမ်းတောလယ်
ဖြေငယ်ပြေဘူး...တပ်မက်မူးစေ..။

လဲရဲတယ် မောင်
ကြယ်ပြောင်သောက်ရှုး
မက်မောဘူးကွယ်
ခက်နွယ်ဆံမျှင်
မောင့်ရင်ခွင်ထဲ
ခိုတွဲဝင်ဆော့
လေပြေနော့သွေး...ဝေးမယ်လားဟင်..။

အတွေးနဲ့တင်..
လွမ်းမောနွမ်းလျ..
ကျမ...တမ်းတတတ်တယ်...မောင်..။

Saturday, November 7, 2009

မေတ္တာ လက်နက်

၂၀၀၄-၂၀၀၅ ခုနှစ်လောက် ဆီတုန်းကပါ ။ အဲဒီနှစ်တွေကို ဆွမ်းကြီးလောင်းတဲ့နှစ် လို့တောင်ခေါ်ခဲ့ ကြတာပေါ့ ။ စင်္ကာပူမှာ အခြေအနေကောင်း၊ ပေါ်လစီတွေပြောင်း လို့ ပီအာ တွေ သောက်သောက်လဲ ချပေးခဲ့တဲ့ အချိန်၊ အဲဒီတုန်းကများ အိုင်စီအေရှေ့တောင်ယောင်လို့ ဖြတ်မလျှောက် လေနဲ့၊ လက်ဆွဲ ပြီး ပီအာကဒ် အတင်းထိုးပေးနေတာလို့ ပြောရင် ရလောက်တဲ့ အချိန်။ ရွှေမြန်မာတွေ ခိုင်ခိုင် မာမာ စတေးတပ်စ် လေး တခု ရကြပြီ ဆိုပြီး မုဒိတာ ပွားချင်စရာ ။

အဲဒီတော့ အိမ်ဝယ်ကြ ၊ မိသားစုတွေခေါ်ကြ နဲ့ " ပျော်တာပေါ့ အမေရယ် " လို့ ဆိုချင်စရာကြီးပေါ့။ ရွာက အဘိုးတွေ အဘွားတွေ လဲ မြေးထိန်းဖို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ချီတက်လာကြတော့တာ။ မြန်မာ အလံလွှင့်လို့ မြန်မာပြည်မြေပုံကြီးများ ပဲ့ပြီး ရောက်လာသလားလို့ တောင်ထင်ချင်စရာ။ အမ်အာတီ တခုခုရောက်လို့များ နောက်ကနေ ဝါးလုံးရှည်တလုံးနဲ့သာ ပိတ်ကျွေးလိုက်လို့က "အောင်မာလေးဗျ" လို့ ကြားရလိမ့်မယ်, အဲ..အနီးဆုံး ဆေးရုံတရုံ ပို့ကြပါဟဲ့ ဆိုရင် တော့ ဟိုကနေ "ဘာများကူညီရပါမလဲရှင်" လို့ မြန်မာ နာ့စ်မကလေး က ဆီးပြီးမေးအုံးမှာ။  မြန်မာတွေ အဲသည်လောက် များတယ်။အဲဒါပဲ မယုံရင် စမ်းသာကြည့်ကြ ။

သို့သော်လည်း တဲ့, တခုက ကျမတို့ ရွှေမြန်မာတွေချည်း ပီအာ ပေးနေတာမဟုတ် ၊ ပြည်ကြီးတရုတ်တွေ, ဖားတွေ, ယပက်လက်တွေ, မဇ္ဇျိမနွယ်ဖွား အိန္ဒိယတွေ လူမျိုးပေါင်းစုံကို ပေးနေတော့ကာ အဲဒီမှာ စတော့တာပါ ။

လူမျိုးပေါင်းစုံတာနဲ့အမျှ လုပ်ငန်းခွင်မှာ လူပေါင်းစုံနဲ့ သဟဇာတဖြစ်အောင် ပေါင်းသင်းဆက်ဆံ ရတာတွေ ရှိလာပါတယ် ။ လူဆိုတာကလဲ ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးနိုင်မှ ကြိုက်တဲ့အမျိုးကိုး, ဒီတော့ အစတည်းက ယဉ်သကို ဆိုရမလိုပါ ။ တချို့ ပြည်ကြီးတရုတ်တွေဆို မိန်းကလေးရော ဘာရော ငဲ့ညှာဖို့ မသိသူတွေပါ ။ မိတ်ဆွေ ညီမလေး တယောက် ပြောဖူးတယ်၊ ဆိုက်ထဲမှာ သူတို့သုံးဖို့ မှာထားတဲ့ ရီဘားတွေကို တရုတ်တွေက မပြောမဆိုနဲ့ ယူသုံး၊ အရွယ်အစား မတူလဲ ဖြတ်ညှပ်ပြီးသုံးတော့ တကယ်လဲ သုံးဖို့လိုရော ပြန်မှာရလို့ ကြန့်ကြာတဲ့ အကြောင်းတွေပါ။

မလေးရှားမ တယောက်ဆို စာရွက်စာတမ်းတွေအကုန် စားပွဲပေါ်ကနေ အောက်ကို လွှင့်ပစ်တဲ့ အထိ ဆိုးတာ ကျမ ကိုယ်တွေ့။ အဲ ကုလားတွေကျပြန်တော့ သူတို့ကုလားပြည်မှာ အမျိုးသမီး မရှိလို့ ထင်ရအောင်ကို  ခေါ်တော တထောင်ဗို့နဲ့ပါ ။ သူတို့ , သူတို့ တွေ ဆိုးတာတွေ ကတော့ အများကြီးပေါ့လေ ဆိုးတာအပြင် ညစ်တာတွေလဲ ရှိသားပေါ့ ။

အများကြီးပေါ့လေ, ဒါတွေရေးပြရရင် အတွဲ၅၀ ကိုရီးယား ဒရမ်မာ တခုစာ ဖြစ်သွားလောက်တယ် ။ ကျမ တို့က ရွှေမြန်မာတွေ မဟုတ်လား, အစဉ်အလာနဲ့ နေခဲ့ကြတာလေ...၊ ဒီတော့ သူတို့နဲ့ ဆက်ဆံတဲ့နေရာမှာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားလေး နဲ့ အညီပေါ့ ။ " အဆုံးအစ မထင်အောင် ရှည်လျားလှတဲ့ သံသရာမှာ တဦး နဲ့ တဦး မတော်စပ်ခဲ့ဖူးသည် ဟူ၍ မရှိ " တဲ့ ။
အားလုံးဟာ သံသရာ ဆွေမျိုးတွေချည်းပါ ။ ရင်ဝယ်သားကို မိခင်က မေတ္တာထား သလို ထား ကြည့်ကြရအောင်ပါ ။

အဲ..ခုလိုကျပြန်တော့..ဘင်္ဂလားကုလား မဲမဲလေးတွေ တောင် ချစ်စရာကလေးတွေ ဖြစ်လို့.....။

ဘဝ အမောတွေ ပြေကြပါစေ...



၀၇.၁၁.၀၉ ၂၃း၁၀ နာရီ

ဝလုံး.. ရေ.. တဲ့မှ.. ဝ

ခုတလော အပြင်ထွက်ရမှာကို... ကြောက်နေတာ...၊ အရင်ကဆို တက်ကြွလိုက်တာမှ... သွားကြရအောင်ဆို ကိုယ်က အခုလား ပြင်ပြီးသား ဆိုတာမျိုး..။ အင်း... အသက် အရွယ် နဲ့လဲ ဆိုင်တယ် ထင်ပါရဲ့။ အိမ်ထောင်ကျခါစက မိန်းမ ခပ်ဝဝ တွေ တွေ့ရင်... "အို...အမျိုးသမီးတွေများ မျက်နှာလေးကချစ်စရာ... ကြည့်ကောင်းပါရက်ကနဲ့ ကိုယ်လုံးကြီးက မထိန်းထားဘူး၊ ကိုယ်သာဆို အဲလိုမဖြစ်စေရဘူး သိလား... ထိန်းထားမှာ"လို့ ပြောခဲ့ဖူးတာ..။

၂၀-၂၅ လောက်ထိ ပိန်ပိန်လေးမို့... ဝချင်လိုက်တာများ...။ ဘာစားစား မဝဘူး... အဆီစားလို့မှ အသား မဖြစ်တဲ့ ကိုယ်...။ ၃၀ ကျော်ကျ ပြန်တော့ နဲနဲလေး တက်လာတာသိရင် တပတ်-နှစ်ပတ်လောက်လျှော့လိုက်ရင်ရပြီ။ ကိုယ်ဝတ်ချင်တဲ့ အင်္ကျီတော်အောင်လို့လေ။ အဲ ၄၀ လေးလည်း ကျော်စပြု လာရော.. စတော့တာပဲ..၊ အရင်က ဘာစားစား မဝတဲ့ ကိုယ်၊ ခုတော့ ဘာမှ မစားလဲ ဝတဲ့ကိုယ် ဖြစ်လာရော...။ ဘုရား ဘုရား.. ဝဇီဗေဒ ထိတိုင်းရှသတဲ့.. သူများတွေကို ပြောမိခဲ့လို့များလား...၊ အဲဒီ မိန်းမ ကြီးတွေ စင်္ကာပူ တမြို့ လုံး ပတ်ရှာပြီး တောင်းပန်မှ ထင်ပါရဲ့...။

အပြင်သွားခါနီးများ တော်နေသေးတဲ့ ၊ ဝတ်လို့လဲလှနေသေးတဲ့ အင်္ကျီရှာဝတ်ရတာက တဒုက္ခ...။ အိမ်ကလူကြီးကလဲ အပြင်သွားခါနီးမို့ သူအရင်ပြီးနေရင် လောပြီ... "ဟေ့ ကြာလှချည်လားကွ လှည်းအိုကြီးရေနံသုတ်နေတာလား..." တဲ့လေ။

တွေ့တဲ့သူတွေကလဲ... "နေကောင်းလား၊ မတွေ့တာကြာပြီနော်"... တော်ရောပေါ့... ဒီလောက်ဆို၊ "ဟယ်..အမ ဝလာတယ်နော်" က နောက်က ပါလာသေး၊ အဲဒါနဲ့ မပြီးသေးဘူး.."လျှော့အုံးလေ အမရဲ့"တဲ့။ ဟင်း ......... (သက်ပြင်းအကြီးကြီးချ)။

အမျိုးသမီးတော်တော် များများ မှန်ကြိုက်တယ်။ အိမ်မှာရှိတဲ့ မှန်မပြောနဲ့... အပြင်သွား လို့ ကိုယ့် အရိပ်ပြန်မြင်ရတဲ့ မှန်ပြူတင်းပေါက်တို့၊ ရှော့ပင်းမော အဝင် တံခါးပေါက်တို့ များ ဖြတ်သွားမိရင် အနဲဆုံး ခေါင်းလေးတချက်လောက်တော့ ငဲ့ကြည့်လိုက်ရမှ...။ အဲဒီမှာ..ဘေးတစောင်း ရပ်ရက်.. ထူပျစ်ပျစ် ပွဖောင်းဖောင်း ခန္ဓာကိုယ်...၊ လက်မောင်းလုံးကြီးတွေများ ကေအက်ဖ်စီ ကြက်ပေါင်ကို မှန်ပြောင်း နဲ့ ကြည့် ရသလို...၊ အနီးကပ်များကြည့်လို့ကတော့ မေးစေ့ နှစ်ထပ် အစ်အစ်ကြီးတောင်တွေ့ရ အုံးမယ်..။ အဲလို အလှဖွဲ့ (အဲ..အဝဖွဲ့ ဆိုပိုသင့်တော်မယ်ထင်ပ) ဖွဲ့ လို့ရတဲ့ မိန်းမကြီးတယောက်ပုံ မြင်နေရတော့တာ...။ ရင်ဘတ်ပြီးရင်... ခါးမဟုတ်ပဲ ဗိုက်တန်းရောက်သွားရော....။

စလင်းမင်းတီးတို့၊ စလင်းမင်းစန်တာ တို့ ကြော်ငြာတွေတွေ့လဲ လုပ်ရဲပါဘူး... အညာတွေ ဖြစ်နေမှ...။ အစားလေး နဲနဲတော့လျှော့မှဆိုလဲ ..အများဆုံး၃ရက်ပဲ၊ အိမ်ကလူကြီး အစားအိုးကို ချက်ကျွေးနေရတော့လေ သူခံတွင်းတွေ့မဲ့ ဟင်းစပ်ကလေးတွေချက်ရင်း ကိုယ်ချည်းပဲ ထမင်းပွဲက တွဲ ထရတယ်။ အင်း... ဒီနေ့ဟင်းလေးတွေက အကြိုက်တွေ ဆိုတော့ စားလိုက်ပါအုံးမယ်လေ... နက်ဖန်ကျ နဲနဲလျှော့ စားမပေါ့ ဆိုတာ မျိုးက ခဏ ခဏ။ နက်ဖန်.. သို့မဟုတ် ဘယ်သောအခါ... အဲဒီသီချင်းနဲ့ သူက စလေ့ ရှိတယ်...။ ပြီးတော့... ငယ်ကျွမ်းဆွေသီချင်းကို ဖျက်ပြီး..."ငယ်သူငယ်ချင်းရေ... ခုတော့... ဒေါ်ဘုတ်ဆုံ"... တဲ့လေ။

တခါတော့ ပါဝါရိုက်ဒါ (စက်ဘီးလိုခွထိုင်ပြီး ခြေထောက်ကလဲနင်း လက်ကလဲ ဆွဲမကစားရတဲ့ ဝိတ်ချစက်ပါ) လျှော့ဈေးချနေတာ လိုချင်လှချေရဲ့ ဆိုလို့ ဝယ်ပေးလာရှာတယ်...။ ဘာပြောကောင်းမလဲ... တလလောက်တော့ ဇွဲနဲ့ လုပ်ပါရဲ့... ကြာတော့ အဲဒါကြီးလုပ်ရင် ကြွက်တက်လို့... ဇက်နာလို့နဲ့... တခန်းရပ်သွားပြန်ပါတယ်....။ အဲဒီစက်လက်ကိုင်ပေါ် သူ့ အဝတ်တွေ လာပြီး ချိတ်လိုက် လှမ်းလိုက်နဲ့ "ဒီတခါ မိန်းမ ဝယ်လိုက်တဲ့ ဟန်ဂါ က အကောင်း ဆုံး ပဲဟေ့ နောက်အနှစ်၂၀ လောက်ဆို ဒါကြီးဈေးတက်လောက်ပြီ... မိန်းမက အကြံ ပိုင်တယ်ကွာ" တဲ့လေ။ အမြင်ကပ်စရာ...။

"ဝလဲ ဘာဖြစ်လဲကွာ... အရေးကြီးတာ မိန်းမ ပျော်ရွှင်ကျန်းမာနေဖို့ ပဲ" လို့တော့ပြောရှာသား...။ တရက်က အပြင်ထွက်တော့ မိန်းမ ဝဝ ကြီးတယောက် ပေါင် ၃၀၀ လောက် ရှိမယ် တွေ့တော့ မေးကြည့်မိတယ်..။ "တကယ်လို့များ မိန်းမ အဲလောက်ကြီး ဝလာရင်ရော"... လို့။ သူက "စိတ်မပူပါနဲ့ချစ်ရယ်... ကိုကို စင်္ကာပူရေးဗား ထဲခုန်ချရုံပေါ့..." တဲ့ လေ ။

ဘဝအမောတွေ ပြေကြပါစေ...



၀၇.၁၁.၀၉, ၀၇း၄၅ နာရီ

Friday, November 6, 2009

အချစ်ဆိုတာ......

ရင်ခုန်သံ မြန်သလို...
ချစ်သလိုလိုပဲ...
တကယ်ဖွင့်လဲ ပြောလာရော... ဆောရီး...။

ဘယ်လိုလူကြီးတုန်း...
မုန်းလိုက်တာများ
ဝေးသွားတော့မှ... ရင်လှိုင်းထ...။

အဲဒါ... လူ့စိတ် သဘာဝ...။

ဘဝ အမောတွေပြေကြပါစေ...



၀၆.၁၁.၀၉ ,၂၁း၅၀ နာရီ

ငြိမ်းချမ်းရေး ကဗျာ...

ဆာလောင်မွတ်သိတ်နေတဲ့ ကမ္ဘာကို
ငါ့ရှိသမျှ ခွဲပေး.. ဝေမျှကျွေးစေ...။
ပူလောင်ငိုကျွေးနေတဲ့ ကမ္ဘာကို
ငါ့ဂရုဏာနဲ့ပိုက်ထွေး... ရင်ငွေ့နဲ့နွေးစေ။
သွေးလူးဖျားနာနေတဲ့ ကမ္ဘာကို
အကြင်နာဆေးမြီးတိုနဲ့ ကုသ… ယုယလို့အေးစေ။
ယမ်းငွေ့ဝေနေတဲ့... ကမ္ဘာကို..
ချစ်ခြင်းမေတ္တာနဲ့ လမ်းပြ... ငြိမ်းချမ်းကြစေ..။

အို... အမိကမ္ဘာမြေ......
အသင့်ရင်မှမွေးဖွား... အသင့်သားတို့
နှလုံးသားကြမ်း... ရိုင်းစိုင်းရမ်းပျ
ရကြလိုလေ… ငတ်မပြေပ
စားမြိုကြ ဇာတ်တူ
လောဘထူ... မောဟဖုံး
မိုက်လုံးကြီးဆဲ... ရှုံးရဲလွန်းကြ... လူ့ဗာလ တို့…၊
တဘို့ထဲထား.. အမိုက်အားကိုး..
ဖိနှိပ်ချိုးသည်… လူမမည်စွာ..
သံဃာမသိ… ဓမ္မာဝေးသား
နူတ်ကားဘုရား... လက်ကားရားနှင့်…၊
ထိုသူတို့အား… မေတ္တာပြငြား
နွားနားအိုးစည်... တီးသည်မြည်ရုံ…။

အို...မြေကမ္ဘာ....ဤကမ္ဘာဝယ်...
သင့်ကိုစောင့်ကြပ်... နတ်ကောင်းမြတ်တို့
ရှိလျှင်မုချ... စေလိုလှသည်…၊
အဓမ္မခွင်း... ဓမ္မဆောင်ကျဉ်းလော့
အတ္တကိုနှင်... ပရ ဝင်လော့...
အမှောင်ကိုရှင်း... အမှန်လင်းလော့..
မကောင်းမှုဖယ်... ကောင်းမှုကယ်လော့..
စီရင်တရား… ချမှတ်သားလော့...။
သို့ကားဆိုလျှင်... ပြည်တခွင်ဝယ်..
ငှက်ငယ်ဂျိုးဖြူ… သံသာကျူလိမ့်…
နတ်လူချမ်းသာ… ဘေးရန်ကွာလိမ့်…
ကမ္ဘာမြေဟုန်… ဖိမ့်ဖိမ့်တုန်လိမ့်
ဓမ္မစည်ကြီး... အောင်စည်တီးကာ...
အမိမြေကမ္ဘာ... ပြုံးရယ်ရှာချိမ့်....။


ဘဝ အမောတွေပြေကြပါစေ...



(၀၅.၁၁.၀၉) ၁၅း၁၀ နာရီ

နိဒါန်း စကား

အိမ်မှာ တခါတလေ ပျင်းတဲ့အခါ သူငယ်ချင်းအခန်း တံခါး သွားသွားခေါက်မိတယ်။ သူကလဲ အလွန် အခန်းအောင်းသူ၊ မေးကြည့်လိုက်တော့ မှ အင်တာနက်ထဲ စာဝင် ဝင် ဖတ်နေတာ လို့ဆိုတယ်။ အဲဒီအထိ ဘယ်လိုမှမဖြစ်သေးဘူး၊ စာရေးဆရာတွေရဲ့ ဝတ္ထု တွေတင်ထားတာ ကို ဝင်ဖတ်တယ်ပဲ ထင်တာ။ တနေ့ သူ က ကိုယ့် လက်ကုတ်ပြီး သူ့အခန်းထဲလာခဲ့ဖို့ ခေါ်တယ်။

ဘလော့လေးတခု... ရှင်းရှင်းလေးနဲ့ ရေးထားတာလေးတွေကလဲ ချစ်စဖွယ် ။ အဲဒါ ငါတို့ သူငယ်ချင်းလေ တဲ့...။ ဟယ်.. ကောင်းလိုက်တာ... အဲလိုရေးလို့လဲရသား... အဲဒါဆို ငါလဲရေးချင်တယ် ဆိုပြီး ဘလော့ပိုးက ငယ်ထိပ်ထိ တက်တော့တာလေ...။ ပင်ကိုယ် ဝါသနာ ပါတာရယ်... ရင်ထဲရှိတာလေးတွေ ရှယ်ချင်တာရယ်... အားလုံးကိုလဲ ဘဝအမောတွေ ပြေစေချင်တယ်လေ...အဲဒါတွေကြောင့် ဒီဘလော့ လေးကိုဖွင့်ဖို့ ဖြစ်လာပါတယ်။

သူငယ်ချင်း ၂ ယောက်ကလဲ အရမ်း အားတွေပေး...၊ (အမှန်ကတော့ အချွန်နဲ့ မတာ ဖြစ်နိုင်ကောင်းပါတယ်) ဘလော့ဂါ သူငယ်ချင်း ကလဲ အကုန်ပဲ လုပ်ပေး ရှာပါတယ်... သူ့ခမျာ ဘလော့လဲလုပ်ပေးရ၊ ကေအက်ဖ်စီ လဲ ဝယ်ကျွေးရ ရှာတာ။ သူငယ်ချင်း သက်ဝေ အားလုံးအတွက် ကျေးဇူး အသင်္ချေပါ။ သူငယ်ချင်း ခိုင် အဖော်လုပ် ပေးတဲ့ အတွက် လဲ ကျေးဇူးပါနော်...။

အားလုံးပြီးသွားတဲ့ အခါ ခုမြင်နေရတဲ့ ဘလော့လေး တခု ရုပ်လုံးပေါ် လာပါတော့တယ်...။

ဒီနေရာမှာ လူရွှင်တော်ကြီး ဦးမိုးဒီ ပေါက်သွားတဲ့ ကြော်ငြာလေးတခု "သားသားစားချင်တာ စားလို့ရပြီ..." ဆိုတာလေး နားထဲရောက်လာတယ်။ ကျမလဲ အဲဒီလို "မီးမီး ရေးချင်တာ ရေးလို့ ရပြီ..." လို့ တောင် ထအော်ချင်တဲ့ အထိကို ပျော်ရပါတယ်...။ အတန်းပညာနဲ့ ပြောရရင် ဘလော့ဂ် မှာ ကျမက ခုမှ မူကြို ပါ။ ကျမ ထက် အရင် ဂါ နေကြသူများ အားလုံးကို ကျမ စာစုလေးတွေ လာဖတ်ကြ၊ ဝေဖန်ကြ၊ အကြံပြု ကြပါ လို့ ချစ်ခင်စွာ ဖိတ်ခေါ်လိုက် ပါရစေ ။

အားလုံးပဲ စာတွေ ရေးရင်း၊ ဖတ်ရင်းနဲ့ ဘဝ အမောတွေ ပြေကြပါစေ...။

ချစ်ခင်စွာ...



၀၅.၁၁.၀၉ , ၁၉း၄၀ နာရီ