Friday, November 6, 2009

နိဒါန်း စကား

အိမ်မှာ တခါတလေ ပျင်းတဲ့အခါ သူငယ်ချင်းအခန်း တံခါး သွားသွားခေါက်မိတယ်။ သူကလဲ အလွန် အခန်းအောင်းသူ၊ မေးကြည့်လိုက်တော့ မှ အင်တာနက်ထဲ စာဝင် ဝင် ဖတ်နေတာ လို့ဆိုတယ်။ အဲဒီအထိ ဘယ်လိုမှမဖြစ်သေးဘူး၊ စာရေးဆရာတွေရဲ့ ဝတ္ထု တွေတင်ထားတာ ကို ဝင်ဖတ်တယ်ပဲ ထင်တာ။ တနေ့ သူ က ကိုယ့် လက်ကုတ်ပြီး သူ့အခန်းထဲလာခဲ့ဖို့ ခေါ်တယ်။

ဘလော့လေးတခု... ရှင်းရှင်းလေးနဲ့ ရေးထားတာလေးတွေကလဲ ချစ်စဖွယ် ။ အဲဒါ ငါတို့ သူငယ်ချင်းလေ တဲ့...။ ဟယ်.. ကောင်းလိုက်တာ... အဲလိုရေးလို့လဲရသား... အဲဒါဆို ငါလဲရေးချင်တယ် ဆိုပြီး ဘလော့ပိုးက ငယ်ထိပ်ထိ တက်တော့တာလေ...။ ပင်ကိုယ် ဝါသနာ ပါတာရယ်... ရင်ထဲရှိတာလေးတွေ ရှယ်ချင်တာရယ်... အားလုံးကိုလဲ ဘဝအမောတွေ ပြေစေချင်တယ်လေ...အဲဒါတွေကြောင့် ဒီဘလော့ လေးကိုဖွင့်ဖို့ ဖြစ်လာပါတယ်။

သူငယ်ချင်း ၂ ယောက်ကလဲ အရမ်း အားတွေပေး...၊ (အမှန်ကတော့ အချွန်နဲ့ မတာ ဖြစ်နိုင်ကောင်းပါတယ်) ဘလော့ဂါ သူငယ်ချင်း ကလဲ အကုန်ပဲ လုပ်ပေး ရှာပါတယ်... သူ့ခမျာ ဘလော့လဲလုပ်ပေးရ၊ ကေအက်ဖ်စီ လဲ ဝယ်ကျွေးရ ရှာတာ။ သူငယ်ချင်း သက်ဝေ အားလုံးအတွက် ကျေးဇူး အသင်္ချေပါ။ သူငယ်ချင်း ခိုင် အဖော်လုပ် ပေးတဲ့ အတွက် လဲ ကျေးဇူးပါနော်...။

အားလုံးပြီးသွားတဲ့ အခါ ခုမြင်နေရတဲ့ ဘလော့လေး တခု ရုပ်လုံးပေါ် လာပါတော့တယ်...။

ဒီနေရာမှာ လူရွှင်တော်ကြီး ဦးမိုးဒီ ပေါက်သွားတဲ့ ကြော်ငြာလေးတခု "သားသားစားချင်တာ စားလို့ရပြီ..." ဆိုတာလေး နားထဲရောက်လာတယ်။ ကျမလဲ အဲဒီလို "မီးမီး ရေးချင်တာ ရေးလို့ ရပြီ..." လို့ တောင် ထအော်ချင်တဲ့ အထိကို ပျော်ရပါတယ်...။ အတန်းပညာနဲ့ ပြောရရင် ဘလော့ဂ် မှာ ကျမက ခုမှ မူကြို ပါ။ ကျမ ထက် အရင် ဂါ နေကြသူများ အားလုံးကို ကျမ စာစုလေးတွေ လာဖတ်ကြ၊ ဝေဖန်ကြ၊ အကြံပြု ကြပါ လို့ ချစ်ခင်စွာ ဖိတ်ခေါ်လိုက် ပါရစေ ။

အားလုံးပဲ စာတွေ ရေးရင်း၊ ဖတ်ရင်းနဲ့ ဘဝ အမောတွေ ပြေကြပါစေ...။

ချစ်ခင်စွာ...



၀၅.၁၁.၀၉ , ၁၉း၄၀ နာရီ